ကိုရီးယားသို့ ဝက်ပေါင်ခြောက်သယ်သွားသည့် မြန်မာနိုင်ငံသား ဝက်ပေါင်ခြောက် (၄) ကီလို သိမ်းဆည်းခံရသည့်အပြင် ဝမ် ၈၀၀၀၀ ပါ ဒဏ်ရိုက်ခံရ

0
287

ကိုရီးယားနိုင်ငံ၊ အင်ချွန်းလေဆိပ်သို့ ဧပြီ (၆) ရက်တွင်ရောက်ရှိလာသည့် မြန်မာအလုပ်သမားတစ်ဦးထံမှ ဝက်ပေါင်ခြောက် (၄) ကီလို သိမ်းဆည်းရမိခဲ့သည့်အတွက် ဝမ် ၈၀၀၀၀ ဒဏ်ငွေအဖြစ်ပေးဆောင်ခဲ့ရကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားသည် EPS စနစ်ဖြင့် စေလွှတ်သော Re-entry အလုပ်သမားတစ်ဦးဖြစ်ပြီး အင်ချွန်းလေဆိပ်သို့ ရောက်ရှိချိန်တွင် တားမြစ်ပစ္စည်းဖြစ်သည့် ဝက်ပေါက်ခြောက် (၄) ကီလိုဂရမ်ကို လေဆိပ်တာဝန်ရှိသူများက သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးမှ သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားသည် ရန်ကုန်လေဆိပ်မှ မထွက်ခွာမီ POEA မှ တာဝန်ရှိသူများ၏ သယ်ဆောင်ခွင့်မရှိကြောင်းနှင့် ဒဏ်ငွေရိုက်ခံမည်ဖြစ်ကြောင်း အသိပေးပြောကြားမှုအား လိုက်နာခြင်းမရှိဘဲ သယ်ဆောင်လာရာမှ ယခုကဲ့သို့ သိမ်းဆည်းခံရကာ ဒဏ်ငွေချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ကိုရီးယားနိုင်ငံ၏ ဥပဒေအရ တားမြစ်ပစ္စည်းများ သယ်ဆောင်လာပါက ဒဏ်ငွေမှာ ဝမ် ၁၀ သိန်း ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သော်လည်း အဆိုပါ မြန်မာနိုင်ငံသားသည် EPS အလုပ်သမားဖြစ်၍ ဒဏ်ငွေအားဖြေလျော့ပေးဆောင်စေခဲ့ခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးထံမှ သိရသည်။

ကိုရီးယားနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ၏ ဂေဟစနစ် မပျက်စီးစေရန်၊ အာဖရိကဝက်တုပ်ကွေးရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါကဲ့သို့ ရောဂါသစ်/ရောဂါဆန်းများ ဝင်ရောက်လာခြင်းမရှိစေရန်၊ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေစည်းမျဉ်းများဖြင့် ရောဂါပိုးမွှား ကင်းရှင်းကြောင်း စစ်ဆေးထားခြင်းမရှိသည့် အပင်၊ သစ်သီးနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများကို ကြီးကြပ်စစ်ဆေး၍ တားမြစ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ တားမြစ်ပစ္စည်းများကို သယ်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေအဖြစ် ပထမအကြိမ် ဝမ် ၁၀ သိန်း၊ ဒုတိယအကြိမ် ဝမ်သိန်း ၃၀၊ တတိယအကြိမ် ဝမ်သိန်း ၅၀ နှင့် ပြည်ဝင်ခွင့်ပိတ်ပင်ခြင်း ပြစ်ဒဏ်များချမှတ်ခံရမည် ဖြစ်သည်။

ပုံစာ – ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို တွေ့ရစဉ်


LEAVE A REPLY

Please enter your comment!
Please enter your name here