နမ့်ဖက်ကာတွင် ဖရဲကား အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်ပြီး ယာဉ်မောင်းသူ အပြင်းအထန်းဒဏ်ရာရ

0
437

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအုပ်စု၊ ပန်ဂျလော့ကျေးရွာအနီး ကားလမ်းမ မိုင်တိုင်အမှတ် ၂၅၄/၆ နှင့် ၂၅၄/၇ ကြားရှိ ကုန်းဆင်းတွင် ယနေ့ ဧပြီ (၆) ရက်နံနက် (၉) နာရီခွဲဝန်းကျင် အချိန်ခန့်က ဖရဲသီးများ တင်ဆောင်ထားသည့် ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖရဲသီးများ တင်ဆောင်လာသည့် (၁၂) ဘီးကားသည် ကုန်းဆင်းတွင် အရှိန်မထိန်းနိုင်ဘဲ ပက်လက်လန်တိမ်းမှောက်သွားပြီးနောက် ယာဉ်မောင်းဖြစ်သူမှာ ခေါင်းခန်းအတွင်း၌ ညပ်နေသဖြင့် ကွတ်ခိုင်မြို့နယ်မီးသတ်စခန်းနှင့် နမ့်ဖက်ကာနယ် မြေမီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များ သွားရောက်ကာကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

“သတိကတော့ ရတချက်မရတချက်ပဲ။ အခုဆေးရုံမှာအရေးပေါ်အနေအထားဖြစ်နေတယ်။ ဘယ်သူ့ကိုမှလည်းဆက်သွယ်လို့ မရသေးဘူး။ သူသတိရလာတဲ့ အချိန်ပြောတာက သူ့ကားပိုင်ရှင်ကို ဆက်သွယ်ပေးပါပဲပြောတယ်။ ကားလည်းပျက်စီးသွားသလို တင်လာတဲ့ဖရဲသီးတွေလည်း တစ်လုံးမှအကောင်းမရှိတော့ဘူး” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်းခန်းတွင် ညှပ်နေသည့် ယာဉ်မောင်းအား နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် ကယ်ထုတ်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိထားသဖြင့် မြန်မာ့နှလုံးသားလူမှုကူညီရေးအသင်းကားဖြင့် မူဆယ်မြို့ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here