မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နှင့်ရေပန်းဥယျာဉ်တို့တွင်လည်းသင်္ကြန်ပွဲများကျင်းပသွားမည်

0
271

ယခုနှစ်သင်္ကြန်ပွဲတော်အား နေပြည်တော်၌စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ နေပြည်တော်မဟာသင်္ကြန်ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊နေပြည်တော်မြို့တော်ဝန်ဦးတင်ဦးလွင်ကပြောကြားခဲ့ခြင်းဖြစ်သည်။

ဧပြီ ၅ ရက်မွန်းလွဲ ၂ နာရီကကျင်းပခဲ့သည့် နေ ပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီနှင့်ဆပ်ကော်မတီများ၏(တတိယအကြိမ်)လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အမှာစကားပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်နှင့်‌နေပြည်တော် လမ်းလျှောက်သင်္ကြန်ဖွင့်ပွဲအခမ်းအနားများကို ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့)နံနက်ပိုင်းတွင် စည်ကားသိုက်မြိုက်စွာဖွင့်လှစ်သွားမည်ဟု ပြောသည်။

“ဒီနှစ် နေပြည်တော်မှာ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အပြင် နေပြည်တော်လမ်းလျှောက်သင်္ကြန်နဲ့ရေပန်းဥယျာဉ်တို့မှာလည်း သင်္ကြန်ပွဲတွေကိုစည်ကားသိုက်မြိုက်စွာကျင်းပသွားမှာပါ”ဟု နေပြည်တော်မြို့တော်ဝန်ဦးတင်ဦးလွင်ကပြောသည်။

ထို့ကြောင့် အများပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေ ရေပက်ကစားနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဝိုင်း ဝန်းပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကာ လုံခြုံရေးကိစ္စများကို အထူးဂရုပြုရန်၊မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယဉ်ကျေးသိမ်မွေ့စွာရေပက်ကစားနိုင်ရန် ဆောင်ရွက်ကြရမည်ဟု မှာကြားခဲ့သည်။

ထို့နောက် လုံခြုံရေး၊အခမ်းအနားပြင်ဆင်ရေး၊ရေရရှိရေးနှင့်ရေပက်ကစားရေး၊ဖျော်ဖြေရေးနှင့် ပြန်ကြားရေး၊ကျန်းမာရေးနှင့်သန့်ရှင်းရေး၊ဖိတ်ကြားရေးနှင့်ကြိုဆိုနေရာချထားရေး၊သယ်ယူပို့ဆောင်ရေး၊ဘဏ္ဍာရေးနှင့်ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီအသီးသီးမှ လက်ရှိဆောင်ရွက်ထားရှိမှုများနှင့်ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here