မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ရေးတွင် တိုးတက်မှု ရှိလာဟု အင်ဒိုနီးရှားပြော

0
144

ဂျကာတာ၊ ဧပြီ ၇

အင်ဒိုနီးရှားသည် ယခုနှစ်အတွင်း အာဆီယံဥက္ကဌအဖြစ် တာဝန်စယူချိန်မှစ၍ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ရာတွင် တိုးတက်မှုအချို့ ရှိလာကြောင်း အင်ဒိုနိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီ က ပြောလာခဲ့သည်။

ထို့ပြင် အင်ဒိုနီးရှားက နိုင်ငံသား အချင်းချင်း သတ်ဖြတ်နေခြင်းနှင့် လက်နက်အသုံးပြု၍ တိုက်ခိုက်နေခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ အရပ်သားများ သေကျေဒဏ်ရာရရှိမှု မြင့်တက်လာသည့်အပေါ် စိုးရိမ်ကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ကြောင်း မာဆူဒီ က ဧပြီလ ၅ ရက် ဗုဒ္ဓဟူးနေ့တွင် မီဒီယာသို့‌ ပြောခဲ့သည်။

အာဆီယံဥက္ကဌ ဖြစ်လာသည့် ပထမ သုံးလအတွင်း အင်ဒိုနီးရှားသည် မြန်မာသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ရာတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီအသီးသီးနှင့် လွယ်ကူချောမွေ့စွာ ဆက်သွယ်ညှိနှိုင်းမှုများ ပြန်လည်ပြုလုပ်နိုင်ခဲ့သည်ဟု သူက ဆိုသည်။

ထိုသို့ လုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပေးပို့ရန်အတွက် ဖွဲ့စည်းထားသော အာဆီယံ ညှိနှိုင်းဆောင်ရွက်ရေးဌာန (AHA Center) သည် မြန်မာနိုင်ငံရှိ အကူအညီ လိုအပ်နေသူများကို ထောက်ပံ့ကူညီသွားနိုင်မည်ဖြစ်သည်။ အကူအညီပေးပို့ရာတွင်လည်း လူမျိုးရေး၊ ဘာသာရေး သို့မဟုတ် နိုင်ငံရေး ခံယူချက် ကွဲပြားနေသူများကိုပါ ခွဲခြားခြင်းမရှိဘဲ ပေးပို့သွားမည်ဟု ပြောထားသည်။

ယခင် အာဆီယံဥက္ကဌများ လက်ထက်တွင် အကောင်အထည်ဖော်နိုင်ခဲ့ခြင်း မရှိသောကြောင့် မာဆူဒီ က ယခုကဲ့သို့ တိုးတက်လာခြင်းသည် အောင်မြင်မှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် မာဆူဒီသည် မြန်မာနိုင်ငံသို့ အကူအညီပေးရာတွင် ပါဝင်သွားမည့် ကုမ္ပဏီများကို အသေးစိတ်ဖော်ပြခြင်း မရှိခဲ့ပေ။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here