တရုတ် – အာဆီယံ ကုန်စည်ပြပွဲကြီး (CAEXPO) တွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင်

0
245

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းနင်းမြိုတွင် လာမည့် စက်တင်ဘာလအတွင်း လေးရက်ကြာကျင်းပမည့် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ အခမဲ့ ပါဝင်ပြသနိုင်ကြောင်း ဖိတ်ခေါ်ထားသည်။

အဆိုပါ (၂၀) ကြိမ်မြောက် တရုတ် – အာဆီယံ ကုန်စည်ပြပွဲကြီး၌ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်ပြသနိုင်ရေးနှင့်စပ်လျဉ်း၍ China – ASEAN Expo (CAEXPO) Secretariat မှ Vice Secretary General Mr. SHI Zuyao နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဧပြီလ (၆) ရက်တွင် မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဝင်းစည်သူနှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယခင်နှစ် ကျင်းပသည့် (၁၉) ကြိမ်မြောက် China – ASEAN Expo (CAEXPO) တွင် မြန်မာနိုင်ငံမှ ပြခန်း (၃၀) ခုဖြင့် ကျောက်မျက်ရတနာများ၊ သစ်သား ပရိဘောဂများ၊ လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စားသောက်ကုန်များ စသည့် မြန်မာ့ထွက်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး ယခုနှစ်တွင်လည်း စိတ်ပါဝင်စားသည့် မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အခမဲ့ပါဝင်ပြသနိုင်ကြောင်း သိရသည်။

အဆိုပါ China – ASEAN Expo (CAEXPO) တွင် ကုန်သွယ်မှုနှင့် စီးပွားရေးအခွင့်အလမ်းများ ရရှိနိုင်မည့် Business Matching များလည်း ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်မှ ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးသို့ ကုန်သည်စက်မှု အသင်းချုပ်ဖက်မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဝင်းစည်သူ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ဒေဝ၊ အသင်းချုပ်၏ ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ရေထွက်ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူများတတ်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here