ယူကရိန်းအရေးကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က တိုက်တွန်းရန် ရှီကျင့်ဖိန် တောင်းဆို

0
184

တရုတ်နိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးရောက်ရှိနေသော ပြင်သစ်သမ္မတ အန်မင်နူယယ်မက်ခရွန်နှင့် ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးရာတွင် လက်ရှိဖြစ်ပွားနေသော ယူကရိန်းအရေးကို နိုင်ငံရေးအရ ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့က အတူတကွ တွန်းအားပေးတိုက်တွန်းကြရန် တရုတ်သမ္မတ ရှီကျင့်ဖိန်က တောင်းဆိုလိုက်သည်။

နှစ်နိုင်ငံခေါင်းဆောင် ၂ ဦးဆွေးနွေးကြရာတွင် ရိက္ခာ၊ စွမ်းအင်၊ ဘဏ္ဍာရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ယူကရိန်းစစ်ပွဲကြောင့် ယိုဖိတ်မှုများကို လျှော့ချရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ရှီကပြောကြားခဲ့ပြီး၊ လက်ရှိ ယူကရိန်း စစ်ပွဲကို အဆုံးသတ်ပေးရန်အတွက် တရုတ်နိုင်ငံက ကူညီပါရန် ပြင်သစ်သမ္မတ မက်ခရွန်ကလည်း တိုက်တွန်းခဲ့သည်။

“တရုတ်နိုင်ငံအနေနဲ့ လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲကို ပိုမိုကြီးမားလာစေမယ့်လုပ်ရပ်မျိုး၊ ဒါမှမဟုတ် ထိန်းချုပ်မရဖြစ်သွားစေမယ့်လုပ်ရပ်မျိုးကို ပြင်သစ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ ရှောင်ကျဉ်ဖို့ တရုတ်နိုင်ငံကလဲ ဆန္ဒရှိပါတယ်”ဟု သမ္မတ ရှီကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ဗုဒ္ဓဟူးနေ့က ရောက်ရှိခဲ့သော ပြင်သစ်သမ္မတ မက်ခရွန်၏ ၃ ရက်ကြာ ခရီးစဉ်သည် ယနေ့တွင် ပြီးဆုံးခဲ့ပြီဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖိန် ရုရှားနိုင်ငံမှ ပြန်လာခဲ့ပြီးနောက်၊ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းဝယ် အာရှနိုင်ငံများမှ ခေါင်းဆောင်များ တရုတ်နိုင်ငံသို့ ဆက်တိုက်ဆိုသလို တရားဝင်အလည်အပတ်ခရီးများရောက်ရှိခဲ့ကြပြီးနောက် ယခုအခါ ပြင်သစ်သမ္မတလည်း တရားဝင်အလည်အပတ်ခရီး ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here