ရန်ကုန် – ကော့သောင်း ကားဖြင့်လိုက်လာသည့် ခရီးသည် (၂) ဦး၏ ကျောပိုးအိတ်အတွင်းမှ ငွေကျပ် (၁၉၂၀) သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

0
356

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဧပြီ (၅) ရက်ညနေပိုင်းက ရန်ကုန် – ကော့သောင်း ခရီးသည်တင်ယာဉ်တစ်စီးအား စစ်ဆေးစဉ် ယာဉ်ပေါ်တွင် လိုက်ပါလာသူ (၂) ဦး ၏ ကျောပိုးအိတ်များအတွင်းမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့မှ သိရသည်။

ဧပြီလ (၅) ရက် ညနေ (၅) နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် မရမ်းချောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ရန်ကုန်မြို့ဘက်မှ ကော့သောင်းမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား တားဆီးစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စစ်ဆေးစဉ် ခရီးသည်များဖြစ်သည့် မျိုးလွင် (၃၈) နှစ်နှင့် အောင်လွင်ဦး (ခ) အရှည်ကြီး(၃၇)နှစ်တို့၏ ကျောပိုးအိတ်များအတွင်းမှ ငွေကျပ် ၁၉၂၀ သိန်းတန်ဖိုးရှိ စိတ်ကြွဆေးပြား (၆၄၀၀၀) ပြားအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

စစ်ဆေးချက်အရ ပူးပေါင်းပါဝင်သူ အောင်မိုးလွင်(ခ) ဇော်မင်းအောင်(ခ)သားကြီး(၄၂)နှစ်အား ဧပြီလ (၅) ရက်ည (၁၀) နာရီတွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်၊ (၁၂) ရပ်ကွက်ရှိ ၎င်း၏ နေအိမ်မှ ထပ်မံဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှ ဖမ်းဆီးရမိသူ (၃) ဦးအား ကျိုက်ထို မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here