ထိုင်းနိုင်ငံမြို့ကြီးများ၌ လေထုညစ်ညမ်းမှုဆိုးရွားနေသဖြင့် နေအိမ်များမှသာအလုပ်လုပ်ရန်အမိန့်ထုတ်ပြန်ထား

0
209

ချင်းမိုင်၊ဧပြီ ၇

ထိုင်းနိုင်ငံ ချင်းမိုင်မြို့သည် ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သောကြာနေ့(ယနေ့) တွင် သတ်မှတ်ခံထားရပြီးနောက် အာဏာပိုင်များက အန္တရာယ်ရှိသောလေထုကိုရှောင်ရှားနိုင်ဖို့ နေအိမ်မှသာအလုပ်လုပ်ကြရန် Work From Home အမိန့်ထုတ်ပြန်ထားကြောင်းသိရသည်။

တောမီးနှင့်တောင်ယာမီးရှို့ခြင်းမှမီးခိုးများကြောင့် နိုင်ငံခြားခရီးသွားများအလာအများဆုံးဒေသချင်းမိုင်၌ လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာသည် နှစ်စဉ်နှစ်တိုင်းအရှေ့တောင်အာရှ၏နယ်မြေများကို အကြီးမားဆုံးထိခိုက်စေသည့် ပြဿနာအားဖြေရှင်းရန်အတွက် အိမ်နီးချင်းမြန်မာနှင့်လာအိုခေါင်းဆောင်များနှင့်လည်း ဗီဒီယိုမှတစ်ဆင့်ဆွေးနွေးမှုပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံ၌ ယခုနှစ်အစကတည်းက လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာနေခြင်းဖြစ်သည်။ ယခုနှစ်အထိလေထုညစ်ညမ်းမှုကြောင့်ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာများအတွက် လူပေါင်းနှစ်သန်းနီးပါး ဆေးရုံတက်ကုသရန်လိုအပ်နေကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှသိရသည်။

ချင်းမိုင်၏လေထုညစ်ညမ်းမှုကြောင့် လေထုထဲ၌ PM 2.5 ပါဝင်မှုနှုန်းသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏နှစ်စဉ်သတ်မှတ်ချက်ထက် ၆၆ ဆကျော်လွန်နေကြောင်းသိရသည်။ထို့ကြောင့် ချင်းမိုင်အာဏာပိုင်များက ပြည်သူများအား အတတ်နိုင်ဆုံးနေအိမ်ပြင်ပမထွက်ကြရန်နှင့် နေအိမ်မှသာ Work From Home လုပ်ကြရန်လည်းတိုက်တွန်းထားသည်။

လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းမှဓာတ်ငွေ့ထုတ်လွှတ်မှုအား ထိန်းချုပ်ရန်နည်းလမ်းများရှာဖွေရန်လိုအပ်ကြောင်း မြန်မာ၊ထိုင်းနှင့်လာအိုခေါင်းဆောင်များ ဆွေးနွေးခဲ့ကြသော်လည်း ခိုင်မာသည့်လုပ်ဆောင်မှုများအတွက် တစ်စုံတစ်ရာသဘောတူညီမှုတော့မရခဲ့ပေ။

Source : အေအက်ဖ်ပီ/အေတီ


LEAVE A REPLY

Please enter your comment!
Please enter your name here