ယနေ့ နံနက်ပိုင်း ဖြစ်ပွားသည့် ချမ်းမြသာစည်မြို့နယ် မီးလောင်မှုတွင် နေအိမ် (၁၂) လုံးပျက်ဆီးဆုံးရှုံး

0
146

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ (၅၁)လမ်း၊ (၁၀၅) လမ်းနှင့် (၁၀၆) လမ်းကြားတွင် ယနေ့ ဧပြီ (၁၀) ရက် နံနက်ပိုင်း ဖြစ်ပွားသည့် မီးလောင်ကျွမ်းမှုတွင် နေအိမ် (၁၂) လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ယနေ့ နံနက် (၅) နာရီ (၁၀) မိနစ် ဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ မန္တလေးတိုင်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ချမ်းမြသာစည်မြို့နယ် မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များရောက်ရှိကာ Level 1 အဆင့်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

“မီးလောင်ချိန်က မိနစ် ၂၀ ကျော်လောက်ပဲကြာတယ်။ နေအိမ်တွေက ကပ်နေတာရယ်၊ သွပ်မိုးထရံကာ အိမ်တွေများတာကြောင့် အခုလိုပျက်စီးဆုံးရှုံးမှုများသွားတာပါ။ “ဟု အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ မီးလောင်ကျွမ်းမှုအား နံနက် (၅)နာရီ (၂၈) မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် (၅) နာရီ (၃၃) မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် ထရံကာ/သွပ်မိုး (၂)ထပ်နေ အိမ် (၁) လုံး၊ နံကပ် (၂) ထပ်တိုက် (၅) လုံး၊ထရံကာ/သွပ်မိုး (၁) ထပ်နေအိမ် (၁) လုံး၊ကျောက်ပြား (၂) ထပ် တိုက် (၁)လုံး၊ထရံကာမြေစိုက်အိမ် (၂) လုံး၊ သွပ်မိုး/ထရံကာမြေစိုက်အိမ် (၁)လုံး၊ ထရံကာ/သွပ်မိုး (၂) ထပ်တိုက် (၁) လုံး စုစုပေါင်းနေအိမ် (၁၂)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ်များမှ မိသားစုဝင်များအား တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here