မန္တလေး လမ်းလျှောက်သင်္ကြန်ကို (၂) နေရာခွဲကျင်းပမည်ဖြစ်ကာ ဆင်လိမ္မာလေးများ၏ ရေပက်မှုအစီအစဥ်လည်းပါဝင်မည်

0
291

မန္တလေးတိုင်း အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်တွင် ထည့်သွင်းကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို နေရာ (၂) နေရာခွဲ၍ စည်ကားသိုက် မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ လမ်းလျှောက်သင်္ကြန်ကို ကျုံးတောင်ဘက်ခြမ်းရှိ (၂၆) လမ်း၊ (၆၆) လမ်းမှ (၇၈) လမ်းအထိနှင့် ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေးတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကျုံးတောင်ဘက်ခြမ်းရှိ လမ်းလျှောက်သင်္ကြန်တွင် မန္တလေးမြို့တော် ဗဟိုမဏ္ဍပ်အပါအဝင် မဏ္ဍပ်ကြီး (၆) ခုရှိပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအငွေ့အသက်များပါဝင်သည့် ရုပ်သေးရုပ်များ၊ ပုသိမ်ထီးများ၊ ရွှေစာရံထန်းလက်ငါးများစသဖြင့် အပိုင်း(၇)ပိုင်းခွဲကာ အလှဆင်လျက်ရှိပြီး နိုင်ငံကျော်တေးသံရှင်များ၊ အနုပညာရှင်များကလည်း ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

မင်္ဂလာမန္တလေး လမ်းလျှောက်သင်္ကြန်တွင် အဓိကမဏ္ဍပ်ကြီးနှင့်အတူ ကြယ်များဖြင့် အလှဆင်ထားသော Star Light Street ဇုံ၊ ဝါးဇကာများ၊ ခြင်းလုံးများ၊ ရိုးရာလက်မှုပညာရပ်များဖြင့် အလှဆင်ထားသည့် Art Street Zone၊ ကျွန်းသစ်နှင့် လောင်းလှေများဖြင့် ပုံဖော်ထားသည့် Wood Street Zone ၊ အမြဲစိမ်းလန်းစိုပြေပြီး ရေလိုအေးချမ်းစေသည့် ရည်ရွယ်ချက်များပါဝင်သည့် Water Street Zone၊Floating Street Zone ၊ Flower Street Zone စသည့် ဇုံ (၆)ခုဖြင့် ပုံဖော်အလှဆင်ထားကြောင်း သိရသည်။ 

“ဒီနှစ်မှာ ထူးထူးခြားခြားပေါ့။ သင်္ကြန်ပွဲတော်လာပြီး လည်ပတ်သူတွေကို ဆင်လိမ္မာလေးတွေက ရေပက်ကစားမယ့် အစီအစဥ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဖျော်ဖြေရေး အစီအစဉ်တွေ အလွယ်တကူ စားသုံးလို့ရတဲ့ မုန့်တွေ အအေးတွေ ကျွေးမွေးမယ့် စတုဒီသာမဏ္ဍပ်တွေ ရေကစားမဏ္ဍပ်တွေနဲ့ တခြားအပန်းဖြေ အနားယူနိုင်မယ့် အစီအစဉ်ကောင်းတွေလည်း ပါဝင်ပါတယ်”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖျော်ဖြေရေးအစီအစဥ်များအား နေ့စဉ် နံနက် (၉) နာရီမှမွန်းတည့် (၁၂) နာရီအထိ (၁) ကြိမ်၊ နေ့လည် (၃) နာရီမှ (၆) နာရီအထိ (၁) ကြိမ် သီဆိုဖျော်ဖြေသွားမည်ဖြစ်ကာ မန္တလေးဈေးချိုတော်နာရီစင်အနီးတွင်လည်း မန္တလေးမြို့ဂုဏ်ဆောင် မြို့မတူရိယာအသင်းနှင့် တွဲဖက်၍ ဈေးချိုသူ ရေကစားမဏ္ဍပ် ကိုလည်းထည့်သွင်းထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here