အရန်သင့်ကားများ စီစဉ်ပေးထားဟု ဆိုသော်လည်း အဝေးပြေးယာဉ်လိုင်းအချို့ လက်မှတ်ဝယ်မရတော့သည်အထိဖြစ်နေ

0
222

သင်္ကြန်ကာလ နေရပ်ပြန်မည့်သူများ‌အနေဖြင့် အဝေးပြေးကား လက်မှတ်များ ဝယ်ယူ၍ မရရှိပါက အရန်သင့်ပြေးဆွဲပေးရန် ကားများ အသင့်ပြင်ဆင်ထားသည်ဟုဆိုသော်လည်း လက်ရှိတွင် လက်မှတ်ပင် ဝယ်ယူ၍ မရတော့ကြောင်း သိရသည်။

ယင်းကဲ့သို့ လက်မှတ်ဝယ်ယူ၍ မရတော့သည့် နယ်ပြန်မည့်သူများအနေဖြင့် YRTC သို့ အကြောင်းကြားနိုင်ပြီး အကြောင်းကြားလာပါက အကောင်းဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း သိရသည်။

” အဝေးပြေး ကားလက်မှတ်တွေက ဒီချိန်မှဝယ်ရင်တော့ ဘယ်အဆင်ပြေတော့မလဲ၊ ဝယ်လို့မရရင် လက်မှတ်ဂိတ်တွေကို အကြောင်းကြားလိုက်၊ သူတို့မှာကားတွေရှိတယ်၊ ခရီးသည်များလို့ရှိရင်တော့ စုပြီးလက်မှတ်ဂိတ်ကို အကြောင်းကြားလို့ရပါတယ်။ ကျွန်တော်တို့ဆီကို ပြောရင်လည်း သေသေချာချာလေး အဆင်ပြေအောင်လုပ်ပေးပါမယ်”ဟု YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။

အဝေးပြေး ယာဉ်လိုင်းများအနေဖြင့်လည်း လာမည့်သင်္ကြန်ကာလအတွင်း ယာဉ်အစီးရေ ပိုထွက်ပေးရန်နှင့် ယာဉ်စီးခ ပိုကောက်ခြင်းမပြုရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

အကယ်၍ လက်မှတ်ခနှုန်းထားများကို ပိုတင်ရောင်းချခြင်းရှိပါက YRTC သို့ တိုင်ကြားနိုင်ပြီး ပိုတောင်းထားသည့်လက်မှတ်ခကို ပြန်အမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်မှတဆင့်နေရပ်ပြန်မည့်ခရီးသွား များပြားမှုကြောင့် အဝေးပြေး ကားလက်မှတ်များ ဝယ်ယူရ ခက်ခဲနေပြီး မှောင်ခိုရောင်းချမှုများလည်း ရှိနေကြောင်း သိရသည်။

လက်ရှိတွင် အောင်မင်္ဂလာအဝေးပြေးမှ အခြေပြုပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းအများစုတွင် လက်မှတ်များ ကုန်နေပြီဖြစ်ကြောင်း သိရသည်။

” ကားလက်မှတ်က မရတော့ဘူး။ ခုံတွေအကုန်ပြည့်နေပြီ။ ထုတ်ထားတဲ့ကားတွေ အကုန်ပြည့်နေတာပါ”ဟု JJ Express ယာဉ်လိုင်းမှ တာဝန်ရှိသးတစ်ဦးက ပြောသည်။

အချို့ ယာဉ်လိုင်းများအနေဖြင့် လက်မှတ်ခနှုန်းထားများကို ယခင်နှုန်းထားများထက် ၅၀၀၀ ကျပ် ဝန်းကျင်ဈေးတင်ရောင်းချလျက်ရှိကြောင်း စုံစမ်းသိရသည်။

ယခင်က ရန်ကုန် – မန္တလေး ရိုးရိုးတန်း ကားလက်မှတ်ခ ၂၂၀၀၀ ကျပ်၊ အထူးတန်း ၃၀၀၀၀ ကျပ်ဖြင့် ရောင်းချသည့် ယာဉ်လိုင်းအချို့မှာ ယခုလက်ရှိတွင် ၂၇၀၀၀ ကျပ်နှင့် အထူးတန်း ကားလက်မှတ်ကို ၃၅၀၀၀ ကျပ်ဖြင့် ရောင်းချ ပေးလျက်ရှိကြောင်း အောင်မင်္ဂလာအဝေးပြေးကွင်းရှိ ယာဉ်လိုင်းအချို့မှ စုံစမ်းသိရသည်။

ရန်ကုန် အောင်မင်္ဂလာအဝေးပြေးမှ အဝေးပြေးခရီးသည်တင် ယာဉ်လိုင်း (၂၁၂)လိုင်း၊ ယာဉ်အစီးရေ (၆၆၀) နေ့စဉ်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၁၈၄၀ ဦး စီးနင်းမှုရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here