ဘာလီ၌ဝေလငါးတစ်ကောင်သောင်တင်သေဆုံး ၊တစ်လအတွင်းတတိယအကြိမ်မြောက်သေဆုံးသည့် အကောင်ဖြစ်ဟုဆို

0
173

ဒန်းပါဆာ၊ဧပြီ ၉

အရှည် ၁၇ မီတာရှည်သော sperm whale (ငါးကြီးအန်ဖတ်ထုတ်ပေးသည့်ဝေလငါးတစ်မျိုး) အမျိုးအစားဝေလငါးတစ်ကောင်သည် ဘာလီကမ်းခြေ၌သောင်တင်သေဆုံးသွားခဲ့ကြောင်း ထိန်းသိမ်းရေးအရာရှိတစ်ဦးကပြောကြားခဲ့ပြီး အင်ဒိုကျွန်း၌တစ်လအတွင်း တတိယအကြိမ်မြောက် သောင်တင်လာသည့်ငါးဖြစ်ကြောင်းပြောကြားခဲ့သည်။

“လောလောဆယ်တော့ကျွန်တော်တို့ ငါးကိုကမ်းပေါ်သေချာရောက်အောင်ဆွဲတင်ဖို့လုပ်နေပါတယ်၊ လိုအပ်တဲ့ခွဲစိတ်လေ့လာမှုအားလုံးပြီးရင်တော့ ငါးအသေကိုမြှုပ်လိုက်မှာပါ” ဟုဒေသခံ အဏ္ဏဝါနှင့်ငါးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက AFP သို့ပြောကြားခဲ့သည်။

ယခုငါးသည်ဧပြီလအစောပိုင်းကာလများအတွင်း တတိယအကြိမ်မြောက် ဘာလီကမ်းခြေသို့သောင်တင်လာသည့်ငါးလည်းဖြစ်ကြောင်းသိရသည်။ ဗုဒ္ဓဟူးနေ့ကလည်း ဘာလီအရှေ့ဘက်ကမ်းရိုးတန်း၌ ၁၈ မီတာအရှည်ရှိဝေလငါးတစ်ကောင် သောင်တင်သေဆုံးခဲ့သေးသည်ဟုဆိုသည်။

ယင်းမတိုင်ခင်ဧပြီလ ၁ ရက်နေ့ကလည်း အလေးချိန်နှစ်တန်နီးပါးရှိပြီး အရှည် ၁၁ မီတာရှိသော Bryde whale အမျိုးအစားဝေလငါးတစ်ကောင်သောင်တင်သေဆုံးခဲ့ကာ ဒေသခံများတွေ့ရှိချိန်၌ ၎င်းသည်ပုပ်နေပြီဖြစ်သည်ဟုဆိုသည်။

ယခုနောက်ဆုံးသောင်တင်သေဆုံးခဲ့သည့် Sperm whale သည် ယခင်ရက်ကတွေ့ရှိသေဆုံးခဲ့သည့် ဝေလငါးကဲ့သို့ပင် ဖျားနေခြင်းဖြစ်သည်ဟု ထိန်းသိမ်းရေးအရာရှိကပြောကြားခဲ့သည်။ ထိန်းသိမ်းရေးအရာရှိကခွဲစိတ်မှုသည် သုံးပတ်နီးပါးကြာနိုင်သည်ဟုဆိုသော်လည်း မှုခင်းဆေးပညာရှင်များကမူ ဝေလငါး၏အဆုတ်၌သွေးထွက်နေပြီး ၎င်း၏အူမကြီးမှာလည်းအရည်များပြည့်နေသည်ဟုဆိုခဲ့သည်။

၂၀၁၈ ခုနှစ်ကအင်ဒို၌သေဆုံးလျက်တွေ့ရှိရသည့် sperm whale တစ်ကောင်၏ အစာအိမ်အတွင်း၌ ပလပ်စတစ်ခွက်ပေါင်း ၁၀၀ ကျော်တွေ့ခဲ့ရပြီး ပလပ်စတစ်အိတ် ၂၅ လုံးအားတွေ့ရှိခဲ့ရသဖြင့် အရှေ့တောင်အာရှကျွန်းစု၏ အဏ္ဏဝါအမှိုက်ပြဿနာနှင့်ပတ်သက်၍ စိုးရိမ်မှုများလည်းမြင့်တက်လာစေခဲ့သည်။

အင်ဒိုသည် တရုတ်ပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး အဏ္ဏဝါပျက်စီးမှုဖြစ်စေသည့်နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here