၂၀၂၂ -၂၀၂၃ ခုနှစ်အတွင်း သတ်မှတ်ကီလိုကျော်လွန်မောင်းနှင်သည့် အစီးရေ ၁၀၀၀၀ ကျော်ကိုအရေးယူဆောင်ရွက်ထား

0
213

၂၀၂၂ -၂၀၂၃ ခုနှစ်အတွင်း ရန်ကုန် – မန္တလေး အမြန်လမ်းမကြီးတွင် သတ်မှတ်ကီလိုထက် အရှိန်လွန်မောင်းနှင်သည့် အစီးရေ (၁၀၀၀၀) ကျော်ကို အရေးယူဆောင်ရွက်ထားကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

မော်တော်ယာဉ်များ သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်မှု မရှိစေရန်အတွက် ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး တစ်လျှောက် မိုင်တိုင်အလိုက် အမြန်နှုန်းကျော်လွန်မောင်းနှင်မှု တိုင်းတာသော စက် (၁၈) လုံးဖြင့် စောင့်ကြည့်တိုင်းတာလျက်ရှိပြီး အမြန်နှုန်းကျော်လွန် မောင်းနှင်သော မော်တော်ယာဉ်များကို အမှတ်(၃) လမ်းဆုံ တိုးဂိတ်၊ (၁၁၅) မိုင်ရှိ ဖြူးတိုးဂိတ်၊ နေပြည်တော်တိုးဂိတ်၊ (၂၈၄) မိုင်ရှိ သီးကုန်းတိုးဂိတ်နှင့် (၃၅၂) မိုင်ရှိ စကားအင်း တိုးဂိတ်တို့၌ ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။

အဆိုပါ တိုးဂိတ်များအပြင် မီနီတိုးဂိတ်များ၌လည်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို တာဝန်ချထားကာ စည်းကမ်း ဖောက်ဖျက်သည့် မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

လက်ရှိတွင် ရန်ကုန် – မန္တလေး အမြန်လမ်း‌ပေါ်၌ အိမ်စီးမော်တော်ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ နှုန်း၊ ခရီးသည်တင် အဝေးပြေးယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၉၀ နှုန်း၊ လုပ်ငန်းသုံးယာဉ်များ၊ Light Truck၊ Hijet နှင့် ကုန်တင်ယာဉ်များကို တစ်နာရီလျှင် ကီလိုမီတာ ၆၀ နှုန်းထက်မပိုဘဲသတိပြုမောင်းနှင်ကြရန် သက်ဆိုင်ရာမှ ထုတ်ပြန်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here