နေပြည်တော် လမ်းလျှောက်သင်္ကြန်အား ဇုန်(၄)ဇုန်ခွဲကာ ကျင်းပမည်ဖြစ်ပြီး သနပ်ခါးသင်္ကြန် ပါဝင်မည်

0
253

နေပြည်တော် လမ်းလျှောက်သင်္ကြန်အား သင်္ကြန်အကြို့နေ့ နံနက် (၉) နာရီမှ စတင်ကာ ပျဉ်းမနား – တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံအထိ ဇုန် (၄) ဇုန်ခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန် ဇုန် (၄) ဇုန်တွင် ဇုန် (၁)၌ သနပ်ခါးသင်္ကြန်၊ ဇုန်(၂)တွင် တိုင်းရင်းသားသင်္ကြန်၊ဇုန် (၃)တွင် မြန်မာမှု မပျောက်ပျက်စေရန်နှင့် နိုင်ငံတကာအဆင့်တန်းမီ အလှပြဖျော်ဖြေရေး အစီအစဉ်များ၊ ဇုန် (၄) တွင် လူငယ်နှင့် ကလေးငယ်များအတွက် လူငယ်ဂိမ်းသင်္ကြန်အစီအစဉ်များကို ထည့်သွင်းထားကြောင်း သိရသည်။

“သနပ်ခါး သင်္ကြန်ဆိုတာ ဘယ်မှာမှ မလုပ်ခဲ့ဘူးသေးပါဘူး။ သနပ်ခါးတွေ လိမ်းခြယ်ပြီး ပျော်ပါးလို့ရအောင်စီစဉ်ပေးတာပါ။ တိုင်းရင်းသား သင်္ကြန်ဇုန်မှာက တိုင်းရင်းသားယဉ်ကျေးမှုတွေကို ပြသမှာပါ။ ဂိမ်းဇုန်မှာက ခေတ်မီတဲ့ Colour Party တွေ၊ ကစားတဲ့ နေရာတွေ၊ Foam Party တွေနဲ့ ဂိမ်းအစီအစဉ်တွေ အများကြီး စီစဉ်ထားပါတယ်”ဟု Brilliant Aura Co.,Ltd မှ Business Development Director ဒေါ်ဆုမြတ်လွင်က ပြော သည်။

နေပြည်တော် လမ်းလျှောက်သင်္ကြန် ဆောင်ရွက်နေမှုမှာ လက်ရှိအချိန်၌ ၉၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကာ ဈေးဆိုင်ခန်းများ၊ စတုဒိသာမဏ္ဍပ်များ၊ ဖျော်ဖြေရေးအစီအစဥ်များကိုလည်း စီစဥ်ထားကာ ဝင်ကြေးအနေဖြင့် လူ ကြီး ၃၀၀၀ ကျပ်၊ ကလေး ၁၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

“ဝင်ကြေးပေးပြီးရင် နိုင်ငံတကာပွဲတွေအတိုင်း ဝင်ခွင့်လက်ပတ်လေးတွေ ပြန်ပေးမှာပါ။ လူကြီးနဲ့ ကလေးတွေအတွက် ရေလွှာလျှောစီးတွေပါမယ်။ ဆပ်ပြာမှုန့်အမြှုပ်တွေနဲ့ ကစားလို့ရတဲ့ ပါတီတွေလည်းပါမယ်။ ကာလာပါတီမှာ DJ Music တွေနဲ့ ရောင်စုံအမှုန့်တွေ ပက်ဖျန်းကစားလို့ရတယ်။ ပေ ၁၅၀ ရှည်တဲ့ လူကြီးတွေစီးတဲ့ ရေလွှာလျှောစီးပါ ထည့်ထားပါတယ်။ ကလေးတွေအတွက် ပျော့အိအိ ကစားကွင်းလည်း ပါဝင်မှာပါ။ လူငယ်ရောလူကြီးပါ ကစားလို့ရတဲ့ ရေကူးကန်ကြီးလည်း ပါဝင်မှာပါ” ဟု ဒေါ်ဆုမြတ်လွင်က ပြောသည်။

နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်များ၊ တိုင်းရင်သားရိုးရာသင်္ကြန်မဏ္ဍပ်တို့တွင်လည်း နိုင်ငံကျော်သရုပ်ဆောင်များ၊ အဆိုတော်များ၏ တေးသီချင်း ဖျော်ဖြေမှုများနှင့်ဝန်ကြီးဌာနများမှ ယိမ်းအကဖွဲ့များ၏ ကပြဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here