ရွှေတိဂုံ စေတီတော်မြတ်ကြီးအား မေလပထမပတ်တွင် သံဃာအပါး (၁၁၁၁၁) ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာ တင်မည်

0
359

လာမည့် မေလပထမပတ်တွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်အပါး (၁၁၁၁၁) ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာ တင်တော်မူကာ သံဃာတော်များအားဆွမ်း ဆန် စိမ်းလောင်းလှူမည့် မင်္ဂလာအခမ်းအနား ကျင်းပရန် ရန်ကုန်တိုင်း အစိုးရအဖွဲ့မှကြီးမှူးကာ စီစဥ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ မင်္ဂလာအခမ်းအနား ကျင်းပနိုင်ရန် ညှိနှိုင်းအစည်းအဝေးအား ဗဟန်းမြို့နယ်၊ ကြားတောရလမ်းရှိ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ ပြုလုပ်ခဲ့ရာ တိုင်းသံဃနာယက အဖွဲ့ ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ သာကေတမြို့နယ်၊ တိပိဋကလင်္ကာရစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသည့် တိုင်းသံဃနာယကအဖွဲ့ ဆရာတော်များ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌနှင့် အကျိုးတော်ဆောင် ဆရာတော်ကြီးများ ကြွရောက်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးစိုးသိန်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရွှေတိဂုံစေတီ ဂေါပကအဖွဲ့ဝင်များက တက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းမှ သံဃာတော်များအား သယ်ယူပို့ဆောင်ရေး၊ နေ့ဆွမ်းဆက်ကပ်ရေးနှင့်ဆွမ်းဆန်စိမ်းလောင်းလှူရေး အပါအဝင်လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား လျှောက်ထားတင်ပြခဲ့သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒု-ပါမောက္ခချုပ်(စီမံ)ဦးစိန်မော်က ဗုဒ္ဓါဘိသေကအနေကဇာတင်နှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပနိုင်ရန် စီမံဆောင်ရွက်ထားမှုများကို လျှောက်ထားတင်ပြခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here