ဖိလစ်ပိုင်နှင့်အမေရိကတို့ အကြီးကျယ်ဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

0
144

မနီလာ၊ဧပြီ ၁၁

ကာလရှည်ကြာ မဟာမိတ်များဖြစ်ကြသည့် ဖိလစ်ပိုင်နှင့်အမေရိကတို့သည် ဒေသတွင်းတရုတ်အားကောင်းလာမှုအားတန်ပြန်ရန်ကြိုးပမ်းနေစဉ် နှစ်နိုင်ငံ၏ အကြီးဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဧပြီ ၁၁ ရက်တွင်စတင်ခဲ့ကြောင်းသိရသည်။

ယခုစစ်ရေးလေ့ကျင့်မှု၌ တပ်ဖွဲ့ဝင်ပေါင်း ၁၈,၀၀၀ နီးပါးပါဝင်ပြီး ပေကျင်းဘက်မှ နယ်နိမိတ်အားလုံးနီးပါး ၎င်း၏ပိုင်နက်ဖြစ်သည်ဟုဆိုထားသည့် တောင်တရုတ်ပင်လယ်အတွင်းသို့ စမ်းသပ်ပစ်ခတ်မှုလည်း ပထမဆုံးအကြိမ်အဖြစ်ပါဝင်မည်ဟုဆိုသည်။

မကြာသေးမီကပင် မနီလာနှင့်ဝါရှင်တန်တို့သည် တောင်တရုတ်ပင်လယ်၌ ပူးတွဲရေကြောင်းကင်းလှည့်မှုများကို ပြန်လည်စတင်ရန်သဘောတူညီခဲ့ကြပြီး ဖိလစ်ပိုင်တွင် အမေရိကန်တပ်ဖွဲ့များ၏ ခြေကုပ်ရယူမှုကို တိုးမြှင့်မည့် သဘောတူညီမှုလည်းပြုလုပ်ခဲ့သဖြင့် တရုတ်အားဒေါသဖြစ်စေခဲ့သည်။

သဘောတူညီချက်အရ ထိုင်ဝမ်နှင့်မနီးမဝေးက ရေတပ်အခြေစိုက်စခန်းအပါအဝင် နောက်ထပ်ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းလေးခုအား အမေရိကန်တပ်ဖွဲ့ဝင်များကို အသုံးပြုခွင့်ပေးမည်ဖြစ်သည်ဟုသိရသည်။

ယခုပြုလုပ်သည့်စစ်ရေးလေ့ကျင့်မှုသည် ကျယ်ပြန့်သောစစ်ရေးဆိုင်ရာ စစ်ဆင်ရေးနည်းဗျူဟာများ၊နည်းစနစ်များနှင့် လုပ်ထုံးလုပ်နည်းများကို တိုးမြှင့်ပေးနိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Medel Aguilar ကပြောကြားခဲ့သည်။

မနီလာ၌ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဖိလစ်ပိုင်ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများသည် ဝါရှင်တန်၌ အမေရိကန်အရာရှိများနှင့် ပူးတွဲတွေ့ဆုံမှုတစ်ခုပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here