ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားမောင်းသူအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းရှိဘယ်ရီယာတုံးကိုဝင်တိုက်၊ ကားမောင်းသူသေဆုံး

0
170

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပြင်စည်အမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၃၀၅/၁ အနီးတွင် ဧပြီ ၁၂ ရက်(ယနေ့)နံနက် ၇ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းမှ သိရသည်။

ရန်ကုန်ဘက်မှမန္တလေးဘက်သို့မောင်းနှင်လာသည့် Honda Airwave ကားသည် အခင်းဖြစ်နေရာအရောက် ကားမောင်းသူအိပ်ငိုက်သွားကာ လမ်းလယ်ကျွန်းအားကာရံထားသည့် ဘယ်ရီယာတုံးအားဝင်တိုက်ပြီးတိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်တွင် ကားမောင်းသူမှာ ကားခေါင်းခန်းအတွင်းညပ်နေသဖြင့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ပြင်စည်အမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့်ပြည်သာယာလူငယ်လူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“ခေါင်းခန်းထဲညပ်နေတဲ့ ကားမောင်းတဲ့လူကို ခဲရာခဲဆစ်ထုတ်ခဲ့ရတယ် ထိခိုက်ဒဏ်ရာတွေနဲ့သေဆုံးသွားပါတယ် ကားပေါ်ပါလာတဲ့ အမျိုးသမီး ၂ ယောက်လည်း ထိခိုက်ဒဏ်ရာရတယ် တစ်ယောက်ကအခုထိ သတိမရသေးဘူး စိုးရိမ်ရအနေအထားပေါ့ ကားကလုံးဝပျက်စီးသွားတယ်” ဟု ပြည်သာယာလူငယ်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးနှင့်သေဆုံးသူ၏ရုပ်အလောင်းအား မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြပြီး ထိခိုက်ဒဏ်ရာရကာ သတိရခြင်းမရှိသေးသည့် (စိုးရိမ်ရ)အမျိုးသမီးအား နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံသို့လွှဲပြောင်းပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Photo-ပြည်သာယာလူငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here