ဟိုကိုင်းဒိုးပြည်သူများအား ရွှေ့ပြောင်းရေး သတိပေးချက်အား ဂျပန်အစိုးရပြန်ရုပ်သိမ်း

0
188

တိုကျို၊ဧပြီ ၁၃

ဂျပန်အစိုးရက ယနေ့မနက်တွင် မြောက်ကိုရီးယားဘက်မှပစ်လွှတ်လိုက်သောဒုံးကျည်သည် ဂျပန်နိုင်ငံဟိုကိုင်းဒိုးပြည်နယ်ဘက်သို့ကျရောက်နိုင်သည်ဟု ခန့်မှန်းမိသဖြင့် ဒေသခံများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်းသိရသည်။

ဂျပန်အစိုးရသည် ယနေ့မနက်အစောပိုင်းက မြောက်ကိုရီးယားဘက်မှစမ်းသပ်ပစ်လွှတ်လိုက်သော ဒုံးကျည်ရန်ကာကွယ်ရေးအတွက် ဒေသခံများအား ဘေးကင်းသောယာယီနေထိုင်ရာနေရာများသို့ ရွှေ့ပြောင်းကြရန်လည်း တိုက်တွန်းထားကြောင်းသိရသည်။

သို့သော် ကြေငြာချက်ထုတ်ပြန်ပြီးမကြာမီ အဆိုပါသတိပေးချက်သည် မှားယွင်းနေကြောင်းပြန်လည်ကြေငြာခဲ့ပြီး “အချက်အလက်တွေကို ပြန်တိုက်စစ်ကြည့်လိုက်တဲ့အခါ ဒုံးကျည်ကဟိုကိုင်းဒိုးနဲ့ ဒေသနားတစ်ဝိုက်ကိုမကျနိုင်ဘူးဆိုတာ သေချာသွားပါတယ်” ဟုလည်းပြောကြားခဲ့သည်။

ကာကွယ်ရေးဝန်ကြီးကလည်း ယခုဒုံးကျည်သည် ဂျပန့်သီးသန့်စီးပွားရေးဇုန်အတွင်းသို့ကျရောက်ခြင်းရှိမရှိ အတည်မပြုနိုင်သေးကြောင်းလည်းဆိုခဲ့သည်။အဆိုပါဒုံးကျည်သည် ကီလိုမီတာ ၁,၀၀၀ ခန့်အကွာအဝေးသို့ ပျံသန်းသွားကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့ပြီး ပြင်းထန်သောရန်စမှုဖြစ်သည်ဟုလည်းဆိုခဲ့သည်။

တောင်ကိုရီးယားအနေဖြင့်လည်း အခြေအနေကိုစောင့်ကြည့်နေပြီး အမေရိကနှင့်ပူးပေါင်းဆောင်ရွက်ကာ အဆင်သင့်အနေအထားပြင်ဆင်ထားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် အမေရိကနှင့်တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ရန်စမှုအဖြစ်ရှုမြင်ကာ ယခုကဲ့ သို့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို မကြာခဏပြုလုပ်နေခြင်းလည်းဖြစ်သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here