ဘရစ်အုပ်စုအတွင်း ကုန်သွယ်ရာတွင် ဒေါ်လာ အစား ကိုယ်ပိုင်ငွေကြေးအသစ် ဖန်တီးသုံးစွဲရန် ဘရာဇီး သမ္မတ တိုက်တွန်းလာ

0
298

ဘရာဇီးသမ္မတ လူဝီ အင်နာစီးယို လူလာ ဒဆေးလ်ဗားသည် ဘရစ် (BRICS) အုပ်စုရှိ ၎င်း၏ မဟာမိတ်နိုင်ငံများအား ၎င်းတို့အကြား ကုန်သွယ်ရာတွင် အမေရိကန် ဒေါ်လာအစား ၎င်းတို့၏ ကိုယ်ပိုင်ငွေကြေးများကို အစားထိုး အသုံးပြုသွားရန်အတွက် နှိုးဆော်လာခဲ့သည်။

ဘရစ်အုပ်စုကို ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားပြီး ထိုနိုင်ငံများ၏ စုစုပေါင်း ပြည်တွင်းအသားတင် ထုတ်ကုန်တန်ဖိုးသည် အမေရိကထက် အနည်းငယ် ပိုများနေသည်။

“နိုင်ငံအားလုံးဟာ ဘာလို့ ဒေါ်လာကိုပဲ အခြေခံပြီး ကုန်သွယ်နေရသလဲ ဆိုတဲ့ မေးခွန်းကို ညတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးဖြစ်တယ်။ ဘာလို့ ငါတို့ရဲ့ ကိုယ်ပိုင်ငွေကြေးကို အခြေခံပြီး ကုန်သွယ်လို့ မရတာလဲ။ ငါတို့ရဲ့ ငွေကြေးတန်ဖိုးက အရမ်းအားနည်းတယ်၊ အခြားနိုင်ငံမှာဆို တန်ဖိုးမရှိဘူးဆိုတာကိုရော ဘယ်သူက ဆုံးဖြတ်တာလဲ။ ဘရစ် လိုမျိုး ဘဏ်ကြီးကရော ဘာဖြစ်လို့ ဘရာဇီးနဲ့ တရုတ်ကြား၊ ဘရာဇီးနဲ့ အခြားနိုင်ငံတွေကြား ကုန်သွယ်ဖို့အတွက် ကိုယ်ပိုင်ငွေကြေးသပ်သပ် ထုတ်မပေးနိုင်ရတာလဲ။ လူတိုင်းက ဒေါ်လာဆိုတဲ့ ငွေကြေးကိုပဲ မှီခိုနေတယ်” လို့ လူလာ က ဧပြီလ ၁၃ ရက်နေ့တွင် ရှန်ဟိုင်း၌ ပြောကြားခဲ့သည်။

လူလာ၏ အဆိုပါမှတ်ချက်သည် အိန္ဒိယ၊ တရုတ်နှင့် ရုရှားတို့က ၎င်းတို့ကြား ကိုယ်ပိုင်ငွေကြေးများဖြင့် ကုန်သွယ်နိုင်ရန်နှင့် ဘရစ်နိုင်ငံများကြား ကုန်သွယ်ရာတွင် အသုံးပြုနိုင်မည့် ဘုံငွေကြေးတစ်ရပ် ဖန်းတီးရန်အတွက် ကြိုးပမ်းလာနေစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဘရစ်အုပ်စု၏ အမေရိကန် ဒေါ်လာလွှမ်းမိုးမှုကို ပုန်ကုန်ခြင်းသည် တဖြည်းဖြည်း ပိုမိုအားကောင်းလာနေပြီး တောင်အာဖရိကတွင် ကျင်းပတော့မည့် ဘရစ် ထိပ်သီးအစည်းအဝေးတွင်လည်း ဘရစ်ငွေကြေးအသစ် အဖြစ် အသွင်ပြောင်းလာနိုင်ချေရှိသော ဘဏ္ဍာရေးအစီအစဉ်သစ်အား ကြေညာသွားနိုင်ချေရှိသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here