မြောက်ကိုရီးယားသင်္ဘော ပင်လယ်နယ်နိမိတ်ကျော်လာသဖြင့် တောင်ကိုရီးယားကသတိပေးပစ်ခတ်

0
184

ဆိုးလ်၊ဧပြီ ၁၆

မကြာသေးမီကပြုလုပ်ခဲ့သော မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ တင်းမာမှုများဖြစ်ပေါ်ပြီး တစ်ရက်အကြာတွင် ရေကြောင်းနယ်နိမိတ်ကို ဖြတ်ကျော်လာသော မြောက်ကိုရီးယားသင်္ဘောအား တောင်ကိုရီးယားဘက်က သတိပေးပစ်ခတ်ခဲ့ရကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောကြားခဲ့သည်။

စနေနေ့နံနက် ၁၁ နာရီခန့်က မြောက်ပိုင်း ကန့်သတ်မျဥ်း (Northern Limit Line) (NLL) ကို ချိုးဖောက်ခဲ့သော မြောက်ကိုရီးယား ကင်းလှည့်သင်္ဘောအားနှင်ထုတ်ရန် သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ရကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ကပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း တောင်ကိုရီးယားကင်းလှည့်သင်္ဘောသည် မြင်ကွင်းမရှင်းလင်းသဖြင့် အနီးနားရှိတရုတ်ငါးဖမ်းသင်္ဘောနှင့် အနည်းငယ်ထိတွေ့မှု ဖြစ်ခဲ့သော်လည်း လုံခြုံရေးဆိုင်ရာပြဿနာမရှိခဲ့ပဲ တောင်ကိုရီးယားသင်္ဘောသားများ၌ ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း JCS ကပြောကြားခဲ့သည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲအပြီး၌ရေးဆွဲခဲ့သော NLL ပိုင်နက်မျဉ်းနှင့်ပတ်သက်၍ ‌၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ပြုံယမ်းက မကျေနပ်နိုင်ကြောင်းပြောကြားခဲ့ကာ နှစ်နိုင်ငံအငြင်းပွားမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

မြောက်ကိုရီးယားသည် တောင်ကိုးရီးယားနှင့်အမေရိကတပ်ဖွဲ့များ၏ နွေဦးပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေခြင်းကို နျူကလီးယားစစ်အတွက် အစမ်းလေ့ကျင့်မှုဟုဆိုကာ စစ်ရေးအရအရေးယူမည်ဟုလည်းခြိမ်းခြောက်ထားသည်။

သို့သော် ဆိုးလ်နှင့်ဝါရှင်တန်တို့က ၎င်းတို့၏စစ်ရေးလေ့ကျင့်မှုသည် ခံစစ်ပြုလုပ်ခြင်းသာဖြစ်ပြီး မြောက်ကိုရီးယားအား ဟန့်တားရန်သာရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here