အလာဘားမား၌ မွေးနေ့ပွဲကျင်းပနေစဉ် ဝင်ရောက်ပစ်ခတ်မှုကြောင့် လေးဦးသေဆုံးကာ နှစ်ဆယ်ကျော်ဒဏ်ရာရ

0
177

ဝါရှင်တန်၊ဧပြီ ၁၇

အမေရိကန်နိုင်ငံ အလာဘားမားပြည်နယ်၌ မွေးနေ့ပွဲကျင်းပနေစဉ် သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်မှုကြောင့် လူငယ်လေးဦးသေဆုံးကာ နှစ်ဆယ်ကျော်ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။ အာဏာပိုင်များ၏ပြောကြားချက်အရ ဒဏ်ရာရရှိသူ ၂၈ ဦးရှိပြီး အချို့မှာ ဒဏ်ရာပြင်းထန်သည်ဟုလည်းသိရသည်။

အနီးပတ်ဝန်းကျင်မှ ဒေသခံများကိုလည်း တိုက်ခိုက်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များရရှိပါက အကြောင်းကြားပေးရန်လည်းတိုက်တွန်းထားသည်။ယခုဖြစ်စဉ်ကြောင့် ဒေသခံ ၃,၀၀၀ ခန့်သာရှိသည့် ဒေသလေးတွင် လူအားလုံးနီးပါးလည်း ပူဆွေးသောကရောက်နေကြရသည်ဟု သေဆုံးသူများ၏ မိသားစုဝင်များကဆိုကြသည်။

သမ္မတဂျိုးဘိုင်ဒင်ကလည်း အမေရိက၌ သေနတ်ဖြင့်အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူငယ်များသေဆုံးရပြီး ၎င်းလည်းထပ်တူသောကရောက်ရပါကြောင်းပြောကြားခဲ့သည်။သေနတ်ဖြင့်အကြမ်းဖက်မှုများကြောင့် လူငယ်များနှင့်ကလေးငယ်များအများဆုံးသေဆုံးရပြီး အကြမ်းဖက်မှုများသည် လျော့မသွားဘဲ တိုးတိုးလာနေသည်ဟုလည်းဆိုခဲ့သည်။

ယခုပစ်ခတ်မှုဖြစ်စဉ်အပြီး ၁၂ နာရီကြာသည်အထိ ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ရှိသူများက အသေးစိတ်ထုတ်ပြန်ခြင်းမရှိဘဲ သံသယတရားခံအားမည်သည့်နေရာ၌ထိန်းသိမ်းထားသည်ကိုလည်း မသိရှိရကြောင်းဒေသခံများကဆိုသည်။

လူဦးရေ သန်း ၃၃၀ နီးပါးရှိအမေရိကန်နိုင်ငံ၌ သေနတ်အရေအတွက် သန်း ၄၀၀ နီးပါးကိုင်ဆောင်ထားကြသဖြင့် ယခုဖြစ်စဉ်ကဲ့သို့ အစုလိုက်အပြုံလိုက်ပစ်သတ်မှုများသည် ဖြစ်ရိုးဖြစ်စဉ်တစ်ခုပမာလည်းဖြစ်လာခဲ့သည်။

သေနတ်ကိုင်ဆောင်ခွင့်ထိန်းချုပ်ခြင်းမူဝါဒကိုပြဌာန်းရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပါ လက်နက်ကိုင်ဆောင်ခွင့်ကို ခိုင်မာစွာကန့်ကွက်လိုသည့် ရီပတ်ဘလစ်ကန်အတိုက်အခံများ၏ ကန့်ကွက်ခြင်းအားခံခဲ့ရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here