G – 7 ခေါင်းဆောင်များက ရုပ်ကြွင်းလောင်စာဖြတ်တောက်ရေးကတိပြု၊ တိကျသည့်အချိန်နှင့်လုပ်ဆောင်ချက်များအားပြောကြားခြင်းမရှိခဲ့

0
216

ဆောင်ပိုလို၊ဧပြီ ၁၇

G – 7 နိုင်ငံများသည် ရုပ်ကြွင်းလောင်စာများအသုံးပြုမှုကို မြန်မြန်ဆန်ဆန်ဖြတ်တောက်ပစ်ရန်ကတိပြုခဲ့ပြီး ကျန်နိုင်ငံများသည်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်တိုက်တွန်းခဲ့သည်။ သို့သော် ၎င်းတို့သည် ကျောက်မီးသွေးကဲ့သို့သော ညစ်ညမ်းသည့်ဓာတ်အားပေးအရင်းအမြစ်များကို အဆုံးသတ်ရမည့် အချိန်အတိအကျကိုမူ မသတ်မှတ်နိုင်ခဲ့ပေ။

ယခုဆွေးနွေးမှုအတွင်း မဟာမိတ်များအကြား ရာသီဥတုပြောင်းလဲလာနေမှု အပေါ် တုန့်ပြန် လုပ်ဆောင်ချက်နှင့်စွမ်းအင်ဖူလုံရေးကိစ္စနှစ်ခုအား မည်သို့မျှမျှတတဆောင်ရွက်မည်ဟူသော သဘောထားကွဲလွဲမှုများလည်းအနည်းငယ်ရှိခဲ့သည်။   

၎င်းတို့အကြားနှစ်ရက်တာဆွေးနွေးမှုအပြီး၌ အဖွဲ့၏ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများသည် ရုပ်ကြွင်းလောင်စာအသုံးပြုမှုရပ်တန့်ကာ ၂၀၅၀ ပြည့်နှစ်တွင် စွမ်းအင်စနစ်များ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို သုညအထိလျော့ကျသွားစေရန် အခြားနိုင်ငံများကလည်းပူးပေါင်းဆောင်ရွက်ပေးရန်တောင်းဆိုခဲ့သည်။

ယင်းနောက်၎င်းတို့အနေဖြင့် ပလပ်စတစ်ညစ်ညမ်းမှုကိုလည်း ၂၀၄၀ မတိုင်ခင် အပြီးသတ်မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ပလပ်စတစ်စွန့်ပစ်ပစ္စည်းများသည် နှစ်နှစ်ဆယ်အတွင်း နှစ်ဆမြင့်တက်လာခဲ့ပြီး ၎င်းတို့အနက် ၉ ရာခိုင်နှုန်းသာ ပြန်လည်အသုံးပြုခြင်းလုပ်ငန်းစဉ်၌ ပါဝင်ခဲ့သည်ဟုဖော်ပြထားသည်။

G – 7 ခေါင်းဆောင်များ၏ဆွေးနွေးမှု၌ ကောင်းမွန်သောပြောင်းလဲမှုများပြုလုပ်ရန် အစီအစဉ်တစ်ရပ်စတင်နိုင်ခဲ့သော်လည်း ဓာတ်ငွေ့ထုတ်လွှတ်မှုအား သိသိသာသာလျှော့ချနိုင်သည့် ထိရောက်သည့်စီမံချက်ကိုမူ လုံလောက်စွာမချမှတ်နိုင်ခဲ့သည်ကိုလည်းတွေ့ရှိရသည်ဟုဆိုကြသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here