မိုးညှင်းမြို့၌ (၂၂) ဘီးတွဲယာဉ်ပေါ်မှ ဘိန်းဖြူ ၂၇.၇၂ ကီလို ဖမ်းဆီးရမိ

0
134

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် (၂၂) ဘီးတွဲယာဉ်ပေါ်၌ ဘိလပ်မြေအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၆၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၇ ဒသမ ၇၂ ကီလိုအား ဧပြီလ ၁၄ ရက် ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယင်းနေ့ ညနေ (၄) နာရီခွဲ မိနစ်အချိန်ခန့်တွင် မိုးညှင်းမြို့နယ်၊ နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမှ ဟိုပင်ဘက်သို့ မြင့်ဇော်ဦး(ခ)ဝင်းလွင် မောင်းနှင်ပြီး ရန်နိုင်မိုး(ခ)ကိုမိုး လိုက်ပါလာသည့်  (၂၂) ဘီးတွဲယာဉ်အား သတင်းအရ စစ်ဆေးရှာဖွေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ရှာဖွေစစ်ဆေးရာ ယာဉ်ပေါ်၌ ဘိလပ်မြေအိတ်များဖြင့်  ဖုံးအုပ်သယ်ဆောင်လာသည့် ဆပ်ပြာခွက် ၃၀၈၀ ခွက်ဖြင့် ထည့်ထားသော ဒေသကာလ တန်ဖိုးငွေကျပ်သိန်း ၆၉၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၂၇ ဒသ မ ၇၂ ကီလို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိသည့် ဘိန်းဖြူများမှာ ရှမ်းပြည်နယ်မှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here