မလေး၌ ကိုဗစ်ကူးစက်မှုပြန်မြင့်လာသဖြင့် နှာခေါင်းစည်းများ ပြန်တပ်ရန်တိုက်တွန်းထား

0
221

ကွာလာလမ်ပူ၊ဧပြီ ၁၈

မလေးရှားနိုင်ငံ၌ ကိုဗစ်ကူးစက်မှုနှုန်း ပြန်လည်မြင့်တက်လာသဖြင့် နှာခေါင်းစည်းများကိုပြန်လည်တပ်ဆင်ကြရန် ကျန်းမာရေးအာဏာပိုင်များက လူထုအားတိုက်တွန်းထားကြောင်းသိရသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ ဧပြီလ ၈ ရက်နေ့အထိ ၁၄ ရက်တာကာလအတွင်း အတည်ပြုထားသောကိုဗစ်ကူးစက်ခံရသူဦးရေသည် ၈၇ ဒသမ ၅ ရာခိုင်နှုန်းအထိပြန်မြင့်တက်လာခဲ့သည်ဟုသိရသည်။

တစ်ချိန်တည်းမှာပင်ကိုဗစ်ကြောင့်သေဆုံးမှုလည်း ၂၅ ရာခိုင်နှုန်းတိုးလာကာ အလားတူကာလတွင် ဆေးရုံတက်ရောက်သည့်ပမာဏလည်း ၃၀ ဒသမ ၅ ရာခိုင်နှုန်းထိတိုးလာခဲ့သည်။

ဧပြီလ ၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ကိုဗစ်ကူးစက်မှုပေါင်း ၁၃,၀၀၀ ကျော်ရှိသည်ဟုလည်းဆိုသည်။

ထို့ကြောင့် ကျန်းမာရေးတာဝန်ရှိသူများက ပြည်သူများအား လူထူထပ်ရာနေရာများသို့သွားပါက နှာခေါင်းစည်းတပ်ဆင်ခြင်း၊တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေခြင်းစသည့် ကိုဗစ်စည်းမျဉ်းများကို ပြန်ကျင့်သုံးရန်လည်းတိုက်တွန်းထားသည်။

လက်ရှိတွင်မူ နှာခေါင်းစည်းများကို အများပြည်သူသယ်ယူပို့ဆောင်ရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုဌာနများတွင်သာ မဖြစ်မနေတပ်ဆင်ရမည်ဖြစ်ပြီး ကျန်နေရာများ၌မူ တပ်သင့်သည်ဟုသာတိုက်တွန်းထားသည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

ကိုဗစ်ကူးစက်မှု ဆက်၍ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများအတွက်လည်း ပြည်သူများအနေဖြင့်စိုးရိမ်စရာမလိုဘဲ ထပ်မံရင်ဆိုင်နိုင်ရန်ကျန်းမာရေးဝန်ကြီးဌာနက စီစဉ်ထားပြီးဖြစ်ကြောင်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here