သမိုင်းနောက်ခံ ဝတ္ထုများ ရေးသားခဲ့သည့် အသက်(၉၃)အရွယ်ရှိ စာရေးဆရာမကြီး စိမ့်(ပညာရေး) သည် ယနေ့ ဧပြီလ (၁၈) ရက် နံနက် (၃) နာရီဝန်းကျင်တွင် မြောက်ဒဂုံမြို့နယ်ရှိ နေအိမ်တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
ဆရာမကြီး စိမ့် (ပညာရေး) ၏ အမည်ရင်းမှာ ဒေါ်တင်စိန်ဖြစ်ကာ မော်လမြိုင်မြို့တွင် မွေးဖွားခဲ့ပြီး မွေးချင်း (၆) ဦးအနက် အကြီးဆုံးသမီးဖြစ်ပြီး ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို (၁၉၆၁) ခုနှစ်တွင်လည်း ကောင်း၊ရန်ကုန်ပညာရေး မဟာဌာနမှ ဘီအီးဒီဘွဲ့ကို (၁၉၆၄) ခုနှစ်တွင်လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ်မှ မဟာပညာရေးဘွဲ့ကို ၁၉၇၆ ခုနှစ်တွင် ရရှိခဲ့သည့် ဝါရင့်စာရေး ဆရာမကြီး တစ်ဦး ဖြစ်သည်။
၁၉၇၆ ခုနှစ်တွင် စိမ့်(ပညာရေး) ကလောင်အမည်ဖြင့် ဒိုင်းခင်ခင်၊ ပုဂံရွှေရုပ်လွှာ(၁)(၂)၊ ပတ္တမြားငမောက်၊ ရာဇဓာတုကလျာ၊ ကနောင်မင်းသားနှင့် လှိုင်ထိပ်ခေါင်တင်၊ ပန်ထွာဘုရင်မ စသည့် လုံးချင်းဝတ္ထုများကို ရေးသားခဲ့သည်။
ဆရာမကြီးသည် တိုင်းရင်းမေဂျာနယ်၊ ယုဝတီဂျာနယ်၊ သင့်ဘဝ မဂ္ဂဇင်းတို့တွင် တင်ဝဇီ(ရွှေမြိုင်) ကလောင်အမည်ဖြင့် ဆောင်းပါး၊ ကဗျာများ ရေးသားခဲ့ပြီး ခင်ပွန်းဖြစ်သူ တက္ကသိုလ် စိန်တင်နှင့် တွဲဖက်ကာ အိန္ဒိယနီပေါ ဗုဒ္ဓဂယာဓမ္မခရီးသည် စာအုပ်နှင့် တစ်နေ့တစ်လံ ပုဂံဘယ်ရွေ့မလဲ စာအုပ်တို့ကို ရေးသားခဲ့သူဖြစ်သည်။


