မေလဆန်းပိုင်းမှသာလျှင် အိမ်၊ခြံမြေဈေးကွက် ပုံမှန်အတိုင်းပြန်ဖြစ်လာမည်ဟုဆို

0
225

ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် ဧပြီလကုန်မေလဆန်းပိုင်းမှသာလျှင် အိမ်၊ခြံ၊ မြေဈေးကွက် ပုံမှန်အတိုင်းပြန်ဖြစ်လာမည်ဖြစ်ကြောင်း အိုင်မြန်မာဟောက်စ်မှ သိရသည်။

“ သင်္ကြန်မတိုင်ခင်လောက်ကတည်းက ဈေးကွက်ကအေးသွားတာ။ဒီလကုန်မေလဆန်းမှသာ ပုံမှန်အတိုင်းပြန်ဖြစ်မယ်။ အခုလက်ရှိကတော့ အရောင်းအဝယ်အေးနေတာပေါ့။အငှားထက် ရောင်းအားက ပိုအားသာနေတယ်”ဟု အိုင်မြန်မာဟောက်စ်မှ မန်းနေးဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။

လူနေထူထပ်သည့် ကြည့်မြင်တိုင်နှင့် လှည်းတန်းမြို့နယ်တို့တွင် အရောင်းအဝယ်ပိုဖြစ်နေပြီး၊ မြို့တွင်း(down town) ခြောက်မြို့နယ်တွင် အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။ ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူတွေအနေဖြင့် နောက်ပိုင်းတွင် သတ်မှတ်ချက်နှင့် ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ဇူလိုင်၊ သြဂုတ်လတွင် အရောင်းအဝယ်ဖြစ်သည့်နှုန်းများခဲ့ပြီး နှစ်ကုန်ပိုင်းတွင် အရောင်းအဝယ်အေးခဲ့ကြောင်း၊သင်္ကြန်မတိုင်ခင်ကာလတွင် ပုံမှန်အတိုင်းအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

အိမ်ခြံမြေကို နေထိုင်ရန်ဝယ်ယူသူများနှင့် မိမိ၏ငွေကြေးကို ရင်းနှီးမြှုပ်နှံလိုသည့်အတွက် ဝယ်ယူကြသူများရှိရာ လက်ရှိအချိန်တွင် ဝယ်ယူမှုများပြားနေကြောင်း၊ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရန်ကုန်မြို့တွင် ဝယ်ယူရင်းနှီးမြှုပ်နှံမှုများရှိသလို နေပြည်တော်နှင့်မန္တလေးမြို့တွင်လည်း ဝယ်ယူမှုများရှိနေသည်။

ပြီးခဲ့သည့်နှစ်တွင် အိမ်မြေအဝယ်လိုက်ခြင်းကြောင့် ယခင်အိမ်မြေကွက်ဈေးသည် သိန်း၂၀၀ တန်မြေကွက်ကိုသိန်း ၅၀၀ အထိတိုးမြှင့်ဈေးခေါ်မှုများလည်းရှိခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here