စမ်းချောင်းတွင် ဦးခေါင်းအား တုတ်ဖြင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသား အလောင်းတွေ့ရှိ

0
277

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ပဒုမ္မာပန်းခြံအနီးရှိ အိမ်ပျက်တစ်လုံးထဲတွင် ဦးခေါင်းအား တုတ်ဖြင့် ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီ (၁၉) ရက် နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း စမ်းချောင်းအရန်မီးသတ်စခန်းမှ သိရသည်။

“မြေနီကုန်းတံတားအောက်က အိမ်ပျက်ကြီးထဲမှာတွေ့တာပါ။ အသက်က (၄၀) ဝန်းကျင်လောက်ပါ။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာမတွေ့ဘူး။ ခေါင်းမှာပဲ တုတ်နဲ့ရိုက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သွေးတွေအရမ်းထွက်ပြီး သေဆုံးနေတာပါ”ဟု စမ်းချောင်း အရန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား သယ်ယူရန် စမ်းချောင်းမြို့မရဲစခန်းမှ ဖုန်းဆက်၍ အကူအညီတောင်းခံမှုကြောင့် စမ်းချောင်း အရန်မီးသတ်စခန်းမှ သယ်ယူကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီ (၁၈) ရက် ညနေ (၄) နာရီခွဲခန့်ကလည်း စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းမပေါ်ရှိ ပန်းခြံတာဝါအနီး အမှိုက်ပုံးတွင် မွေးကင်းစ ကလေးငယ်တစ်ဦး၏ အလောင်းအား လာရောက်စွန့်ပစ်သွားသဖြင့် စမ်းချောင်းအရန်မီးသတ်စခန်းမှ သယ်ယူကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here