သံဖြူဇရပ်မြို့နယ်တွင် ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန်ပြုလုပ်သူ (၂) ဦးကို အသေပစ်ခတ်ဖမ်းမိ

0
586

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ရေကစားမဏ္ဍပ်အား ဧပြီ (၁၇) ရက်မွန်းလွဲ (၂) နာရီ (၁၅) မိနစ်ခန့်က လက်ပစ်ဗုံးဖြင့်ဖောက်ခွဲရန် ပြုလုပ်ပြီးထွက်ပြေးသွားသူ (၂) ဦးကို အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်နေ အာကာမင်းနှင့် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင် မြို့နယ်နေ အောင်မျိုးထက်တို့သည် KNLA တပ်မဟာ(၆) ၊ တပ်ရင်း(၁၆)မှ ဒု – ခွဲမှူးအဆင့်ရှိသူ၏ စေခိုင်းချက်အရ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီးရန် ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာမှ ဧပြီ (၁၇) ရက်နံနက် (၉) နာရီခန့်က ဆိုင်ကယ်ဖြင့် ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ယင်းသို့ ထွက်ခွာလာပြီးနောက် မွန်းလွဲ (၂) နာရီ (၁၅) မိနစ်ခန့်တွင် အာကာမင်းက လက်ပစ်ဗုံးအား ဘောင်းဘီအိတ်အတွင်းမှ ပစ်ခတ်ရန် ထုတ်ယူစဉ် လက်ပစ်ဗုံး၏ လုံခြုံရေးပင်မှာ ဘောင်းဘီအိတ်အတွင်း ပြုတ်၍ ကျန်ခဲ့ရာ လက်ပစ်ဗုံးအား လမ်းဘေးရေမြောင်းအတွင်းသို့လွှင့်ပစ်ခဲ့ရာမှ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

၎င်းတို့ (၂) ဦးအား ဒေသခံများက ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီးနလုံခြုံရေးအဖွဲ့ဝင်များထံ အပ်နှံခဲ့ကြ၍ စစ်ဆေးမှုများပြုလုပ်ရာ သံဖြူဇရပ်မြို့နယ်၊ သက္ကောကျေးရွာ အရှေ့တောင်ဘက် မီတာ (၁၃၀၀) ခန့်အကွာရှိ လျှိုအတွင်း၌ လက်လုပ်မိုင်း (၃) လုံးသိမ်းဆည်းထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ပြီး လက်လုပ်မိုင်း (၃) လုံးအား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ရှင်းလင်းပြီးနောက် ပြန်လည်ထွက်ခွာလာစဉ် ဖမ်းဆီးရမိသူ (၂) ဦးမှာ ထွက်ပြေးခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ်ခဲ့သော်လည်း ရပ်တန့်ခြင်းမရှိ၍ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ (၂) ဦးစလုံးမှာ ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ (၂) ဦးအား လုံခြုံရေးအဖွဲ့ဝင်များက သေမှုသေခင်း ဖွင့်လှစ်ကာ ရုပ်အလောင်းများအား သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာ သုဿာန်၌ မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here