ထိုင်းရောက် မြန်မာများ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာတွင် လုပ်ဆောင်ရမည့် ကန့်သတ်ချက်များကို ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံး ထုတ်ပြန်

0
243

ထိုင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာနိုင်ငံသားများအနေဖြင့် အလည်အပတ်ပတ်စ်ပို့နှင့် ပညာရေးပတ်စ်ပို့ သက်တမ်းတိုးမည့်သူများအနေဖြင့် မြန်မာနိုင်ငံမှ ရဲစခန်းစာ၊ ရပ်ကွက်ထောက်ခံစာ အပါအဝင် ပြန်ထမ်းဝန်အရာရှိတစ်ဦး၏ ထောက်ခံစာပါ ပူးတွဲ ပြသနိုင်ရမည့်အပြင် ကိုယ်တိုင်ရေး အသေးစိတ် အချက်အလက်ကိုပါ တင်ပြရမည် ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက သတင်း ထုတ်ပြန်ထားသည်။

ထို့အပြင် သက်တမ်းတိုး လျှောက်မည့်သူများ အနေဖြင့် သက်တမ်းကုန်ဆုံးရက် နီးကပ်ချိန်မှ ကောင်စစ်ဝန်ချုပ်ရုံးသို့ လျှောက်ထားခြင်းမပြုရန်လည်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဧပြီလ (၁၇) ရက်က ထုတ်ပြန်သည့် ကောင်စစ်ဝန်ရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် ” မြန်မာနိုင်ငံကူး လက်မှတ်အမျိုးအစားများဖြစ်သည့် အလည်အပတ်ပတ်စ်ပို့နှင့် ပညာရေးပတ်စ်ပို့တို့အတွက် သက်တမ်းတိုးနိုင်ရန် မြန်မာနိုင်ငံတွင်နေထိုင်သည့် ဒေသမှ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ၊ မြန်မာနိုင်ငံမှ ပြန်တမ်းဝင်အရာရှိ တစ်ဦးထောက်ခံစာ(အရာရှိ၏ဝန်ထမ်းကတ် ပူးတွဲပါရှိရမည်)၊ မိဘနှစ်ပါး ထောက်ခံချက်(နိုင်ငံသားစိစစ်ရေးကတ်များ ပူးတွဲပါရှိရမည်)၊ ကာယကံရှင်၏ ပြည်ပရောက်ရှိနေချိန် ဆောင်ရွက်မှု အသေးစိတ်ကိုယ်ရေးစာ၊ ကျောင်းတက်ရောက်နေပါက ကျောင်းနှင့်ပတ်သက်သည့် အထောက်အထားများ” ပါရှိရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အထောက်အထားများဖြင့် ပူးတွဲတင်ပြလာပါကလည်း စိစစ်ပြီး သက်ဆိုင်ရာသို့ ဆက်လက်တင်ပြရမည်ဖြစ်ရာ ခွင့်ပြုချက်ရရှိရန် အချိန်ကြာမြင့်နိုင်ကြောင်းလည်း အသိပေးထားသည်။

သို့ဖြစ်၍ မိမိ၏ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိမှုနှင့် ဗီဇာသက်တမ်းကျန်ရှိမှုတို့အပေါ် ကိုယ်တိုင်ချိန်ဆသုံးသပ်ကြရန်နှင့် နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိမှု (၆) လဝန်းကျင် ကျန်ရှိရန်လိုအပ်၍ ကြိုတင်ဆောင်ရွက်ထားကြရန်လည်း ကောင်စစ်ဝန်ရုံးက ဆိုသည်။

ထို့အပြင် မိမိ၏ နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိမှုနှင့် ဗီဇာသက်တမ်းကျန်ရှိမှု ရက်နီးကပ်ချိန်မှ ကောင်စစ် ဝန်ရုံးချုပ်သို့ လာရောက်တင်ပြကာ အမြန်ဆောင်ရွက်ပေးရန် ဖိအားပေးတောင်းဆိုမှုများ မပြုလုပ်ကြရန်လည်း တောင်းဆိုထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here