သီပေါတွင် ရွှေဆိုင်အား သေနတ်ပြ ခြိမ်းခြောက်ကာ ဓားပြတိုက်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

0
161

ရှမ်းပြည်နယ် မြောက်ပိုင်း၊ သီပေါမြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင်တွင် ယနေ့ ဧပြီ (၂၀) ရက် နံနက်ပိုင်းက ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် (၈) နာရီဝန်းကျင် အချိန်ခန့်က သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာရှိ “ပြည့်ဝ”ရွှေဆိုင်သို့ အမျိုးသား (၁) ဦးရောက်ရှိလာကာ အသင့်ပါလာသည့် သေနတ်ဖြင့်ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများအား လုယက်ယူဆောင်နေစဥ် ရွှေဆိုင်ပိုင်ရှင်မှ ပြန်လည်ခုခံသဖြင့် ရွှေထည်ပစ္စည်းအချို့အား ယူဆောင်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထွက်ပြေးသွားသည့်အတွက် လုံခြုံရေးအဖွဲ့ဝင်များနှင့် ပြည်သူများက လိုက်လံဖမ်းဆီးရာ ဓားပြတိုက်၍ ထွက်ပြေးသွားသူအား နမ့်မလွတ်တောင်ကုန်းတွင် ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြန်လည်ဖမ်းဆီးရမိချိန်တွင် ဓားပြတိုက်လုယက်မှု ကျူးလွန်သူထံမှ ပစ္စတိုသေနတ် (၁) လက်နှင့် ယင်းကျည် (၅ ) တောင့်၊ လုယက်ယူဆောင်သွားသည့် ရွှေထည်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ရွှေဆိုင်အား ဓားပြတိုက်သူအား သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here