ကြံ့ခိုင်ရေးပါတီကို ၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ (၉) အရ မှတ်ပုံတင်ခွင့်ပြုကြောင်း UEC ကြေညာ

0
170

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင် ခွင့်ပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလ (၂၀) ရက်တွင် ထုတ်ပြန်လိုက်သည်။

အသစ်ပြဌာန်းထားသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉) အရ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်ကြောင်း UEC က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးပါတီသည် ၂၀၂၃ ခုနှစ် ပါတီမှတ်ပုံတင်ခြင်း ဥပဒေဖြင့် ဖေဖေါ်ဝါရီလ (၁) ရက်တွင် အစောဆုံးမှတ်ပုံ တင်ခဲ့သည့် ပါတီဖြစ်ပြီး ယင်းဥပဒေဖြင့် ပါတီမှတ်ပုံတင် ပြတ်လည်လျှောက်ထားခဲ့သည့် ပါတီ (၆၃) ပါတီ ရှိကြောင်း UEC ၏ စာရင်းများအရ သိရသည်။

အဆိုပါ ပါတီ (၆၃) ခုတွင် ပြည်ထောင်စုတစ်ဝန်း ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားခဲ့သည့်ပါတီမှာ ကြံ့ခိုင်ရေးပါတီအပါအဝင် (၁၃) ပါတီ ရှိကြောင်း ပြီးခဲ့သည့် မတ်လကုန်ပိုင်းတွင် UEC က သတင်းထုတ်ပြန်ထားပြီး ဖြစ်သည်။

နစက အနေဖြင့် ၂၀၂၃ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့သည့် ဇန်နဝါရီလ (၂၆) ရက်က ပြဌာန်းခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီများအနေဖြင့် (၂) လအတွင်း မှတ်ပုံတင် အသစ်ပြန်လည်လျှောက်ထားကြရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ သတ်မှတ်ထားသည့် အချိန်ကန့်သတ်ချက်အတွင်း မှတ်ပုံတင် ပြန်လည်မလျှောက်ထားခဲ့သည့် NLD ပါတီအပါအဝင် ပါတီ (၄၀) ကို နိုင်ငံရေး ပါတီအဖြစ်မှ ဖျက်သိမ်းကြောင်း UEC က မတ်လကုန်ပိုင်တွင် ကြေညာခဲ့ပြီးဖြစ်သည်။

ကြံ့ခိုင်ရေးပါတီသည် ယခင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက ပြုလုပ်သည့် ပါတီတတိယအကြိမ် ညီလာခံတွင် အပြောင်းအလဲပြုလုပ်ပြီး အားဖြည့်ကာ ရှေ့လာမည့် ရွေးကောက်ပွဲများအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။

လက်ရှိတွင် ပါတီ ဥက္ကဋ္ဌအဖြစ် ယခင် လဝက ဝန်ကြီးဟောင်း ဦးခင်ရီက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌ(၁) အဖြစ်ယခင် တပ်မတော် အရာရှိဟောင်း ဦးမျိုးဇော်သိန်းက တာဝန်ယူထားခြင်းလည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here