ဘက်မန်းစီးခဲ့တဲ့ ဆိုင်ကယ်ကို ဗီယက်နမ်မှ ဘက်မန်းပရိသတ်က ပုံစံတူ ဖန်တီးပြုလုပ်

0
187

ဘက်မန်း ရုပ်ရှင်ကားတွေကို အသေအလဲ သဘောကျနှစ်သက်တဲ့ ဗီယက်နမ်က ဗိသုကာ ကျောင်းသားဟောင်း တစ်ယောက်ဟာ The Dark Knight မှာ ဘက်မန်းမောင်းနှင်ခဲ့တဲ့ Batpod လို့ခေါ်တဲ့ ဆိုင်ကယ်ရဲ့ ပုံတူကို သူငယ်ချင်းတွေနဲ့အတူ ပြုလုပ်ဖန်းတီးခဲ့တယ်လို့ သိရပါတယ်။

၁၉၈၈ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ငုယင် ဇက် ချွန်ဟာ ကလေးဘဝကတည်းက ဒါရိုက်တာ ခရစ်တိုဖာ နိုလန်ရဲ့ ဘက်မန်း ဇာတ်ကားတွေနဲ့ အတူ ကြီးပြင်းလာခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် ငုယင်ဟာ တစ်နေ့နေ့တော့ ဘက်မန်းစီးခဲ့တဲ့ ကားတွေ ဆိုင်ကယ်တွေကို မွေးရပ်မြေဖြစ်တဲ့ ဟနွိုင်းမြို့မှာ ကိုယ်တိုင် မောင်းပြီး လျှောက်သွားမယ်လို့ စိတ်ကူးထားသူပါ။

အဲဒီလိုပြင်းပြတဲ့ စိတ်ဓာတ်ကြောင့် ကြိုးစားခဲ့တဲ့ ချွန်ဟာ သူစီးချင်နေတဲ့ အမိုက်စား ဘက်မန်းဆိုင်ကယ်ကြီး ပြုလုပ်တာပြီးစီးကြောင်းကို ဒီလအစောပိုင်းမှာ ထုတ်ပြလာခဲ့ပါတယ်။

သူ့ရဲ့ ဘက်မန်းဆိုင်ကယ်ဟာ အလျား ၃ မီတာ၊ အနံ ၈၀ စင်တီမီတာ၊ အမြင့် ၉၀ စင်တီမီတာရှိပြီး အလေးချိန်ကတော့ ၂၅၀ ကီလိုဂရမ်ရှိပါတယ်။ ထူးခြားချက်ကတော့ ဆီစား ဆိုင်ကယ်မဟုတ်ဘဲ ဘက်ထရီ ဆိုင်ကယ်မျိုးပါ။ တစ်နာရီကို ၃၀ ကီလိုမီတာ အမြန်ဆုံးထားပြီး မောင်းနှင်နိုင်ပါတယ်။

ချွန်ဟာ သူရဲ့ သူငယ်ချင်းတွေနဲ့အတူ ဆိုင်ကယ်ရဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ပုံကို လေ့လာဖို့အတွက် တစ်နှစ်တိတိ အချိန်ယူရခဲ့ပြီး ပြုလုပ်ဖန်တီးချိန်ကတော့ ခြောက်လတာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ပရောဂျက်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ ၈၅၀၀ လောက် ရှိမယ်လို့ ချွန်က ခန့်မှန်းထားပါတယ်။

Batpot ကို ဆောက်လုပ်ခဲ့တဲ့ ချွန်ဟာ ၂၀၂၀ ပြည့်နှစ်မှာလည်း Batmobile လို့ခေါ်တဲ့ ဘက်မန်းဇာတ်ကားထဲက မော်တော်ကားကြီးကို ဖန်တီးခဲ့သေးတယ်လို့ သိရပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here