စက်သုံးဆီများဝယ်ယူရရှိရေးအတွက်လျှောက်ထားနိုင်မည့်နည်းလမ်း

0
177

စက်မှုဇုန်အတွင်း နှင့် စက်မှုဇုန်ပြင်ပရှိ စက်ရုံ၊ အလုပ်ရုံများမှ စက်သုံးဆီများ အလွယ်တကူဝယ်ယူရရှိရေးအတွက် Google Sheet အသုံးပြု၍ စက်သုံးဆီလျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ သိရသည်။

စက်မှုဇုန်အတွင်းရှိ စက်ရုံများအတွက် သက်ဆိုင်ရာ စက်မှုဇုန်များမှ စုစည်း၍လည်းကောင်း၊ စက်မှုဇုန်ပြင်ပရှိ စက်ရုံများအတွက် သက်ဆိုင်ရာအသင်းများမှ စုစည်း၍လည်းကောင်း လျှောက်ထားလျက်ရှိကြောင်း၊ ယင်းသို့လျှောက်ထားရာတွင် ပိုမိုလွယ်ကူမြန်ဆန်စေရေးအတွက် Google Sheet အသုံးပြု၍သာ လျှောက်ထားရမည်ဖြစ်ပြီး Google Sheet တွင် ဖြည့်စွက်ပုံ နည်းလမ်းအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

“ စက်သုံးဆီ လျှောက်ထားရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ လျော့နည်းပပျောက်သွားစေဖို့အတွက် ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ စက်သုံးဆီဈေးနှုန်း ကွာဟချက်တွေကြောင့် စက်မှုဇုန်များအတွက် နစ်နာမှုများကို လျှော့ချနိုင်ရေးအတွက်လည်း မတ်လ စတုတ္ထပတ်မှစတင်ပြီး အစည်းအဝေးများပြုလုပ်ခဲ့ပြီး စတင်ဆောင်ရွက်ခဲ့ပါတယ်။ ယခုဆွေးနွေးပွဲမှာ ရှင်းလင်းဆွေးနွေးပေးတဲ့ ပုံစံအတိုင်း တိကျမှန်ကန်စွာ လျှောက်ထားပေးစေလိုပါတယ်”ဟု ကုန်သည်စက်မှုအသင်းချုပ်ရုံးမှ ကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်က ပြောကြားခဲ့သည်။

ယင်းအပြင် ဇုန်ပြင်ပမှ လျှောက်ထားမည့် စီးပွားရေးလုပ်ငန်းများအတွက် မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများ အသင်း (MIA) တွင် မိမိတို့၏ သက်ဆိုင်ရာအသင်းထောက်ခံချက်ဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း၊ Google Sheet မပို့ခင်တွင်လည်း အချက်အလက်များ မှန်ကန်စေရန် ပြန်လည်စစ်ဆေးပေးစေလိုကြောင်း၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က ပြောကြားခဲ့သည်။

ရှင်းလင်းဆွေးနွေးပွဲသို့ ကုန်သည်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး ဦးမိုးမြင့်နှင့် တာဝန်ရှိသူများ၊ ကုန်သည်စက်မှုအသင်းချုပ် အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်မှုဇုန်များမှ တာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here