(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲအပါအဝင် အားကစားပြိုင်ပွဲ (၂) ခု၏ အထိမ်းအမှတ်မီးရှူးတိုင် သယ်ယူ

0
325

ကမ္ဘောဒီးယားနိုင်ငံတွင် အိမ်ရှင်အဖြစ် မေ (၅) ရက်မှ (၁၇) ရက်အထိ ကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် ဇွန် (၃) ရက်မှ (၉) ရက်အထိကျင်းပမည့်(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ယူခြင်းကို ယနေ့ ဧပြီ ၂၁ ရက် နံနက် (၇) နာရီက တက္ကသိုလ်ရိပ်သာလမ်းရှိ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီး ယားနိုင်ငံသံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်း အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. CHUM Angvichet ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် နှစ်နိုင်ငံတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ကြီး H.E Mr. CHUM Angvichet ၊ မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာ သန်းသန်းဌေး၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံတို့က အမှတ်တရ စကားများပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ ကိုယ်စားလှယ်တော် H.E Mr.HOR Sarun က အထိမ်းအမှတ်မီးရှူးတိုင်များအား မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံသံရုံးမှ စတင်သယ်ဆောင်လာပြီး မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီး H.E Mr. CHUM Angvichet ၊ မြန်မာနိုင်ငံအိုလံပစ် ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ မြန်မာနိုင်ငံမသန်စွမ်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဒေါက်တာသန်းသန်းဌေး၊ မသန်စွမ်းအားကစားသမား၊ လှေလှော်အားကစားသမား၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးတို့က အဆင့်ဆင့်လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီ ကိုယ်စားလှယ်တော်ထံသို့ လွှဲပြောင်းပေးကာ ကမ္ဘောဒီးယားနိုင်ငံသံရုံးအတွင်း ပြန်လည်သယ်ဆောင်ပြီး ထွန်းညှိသိမ်းဆည်းထားကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် မီးရှူးတိုင်အား ကမ္ဘောဒီးယားနိုင်ငံ၊ အန်းကောဝပ်ဘုရားကျောင်းမှ စတင်သယ်ဆောင်ခဲ့ကာ အာဆီယံနိုင်ငံများသို့ အစီအစဉ်တကျထွက်ခွာပြီးနောက် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ကာ ဧပြီ ၂၂ ရက်တွင် မြန်မာနိုင်ငံမှ လာအိုနိုင်ငံသို့ ဆက်လက်ထွက်ခွာပြီး ဧပြီ (၂၇) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here