ရန်ကုန်တိုင်းအတွင်းက ပုဂ္ဂလိကပိုင် အသေးစားဆိုလာစနစ်များမှ ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများ ဝယ်ယူရန် YESC ပြင်ဆင်

0
194

ရန်ကုန်တိုင်းအတွင်းရှိ ပုဂ္ဂလိကပိုင် တစ်နိုင်တစ်ပိုင် (အသေးစား) ဆိုလာစနစ်မှ ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများကို ဝယ်ယူလိုကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က ဧပြီ (၂၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။

YESC က ယနေ့ ညနေပိုင်း ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာများ၊ ဟိုတယ်များ၊ နေအိမ်များ၊ စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများ စသည့် အဆောက်အဦ ခေါင်းမိုးများပေါ်တွင် တပ်ဆင်ထားသည့် အသေးစားဆိုလာစနစ်များမှ ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများကို ရောင်းချနိုင်ကြောင်း သိရသည်။

ထို့အပြင် ပြည်သူများနှင့် လုပ်ငန်းရှင်များ၏ ကိုယ်ပိုင်မြေနေရာများပေါ်တွင် တစ်နိုင်တစ်ပိုင်တပ်ဆင်ထားသော ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်မှ မိမိတို့လုပ်ငန်းအတွက် အသုံးပြုပြီး ပိုလျှံသည့်လျှပ်စစ်ဓာတ်အားကို ရန်ကုန်ဓာတ်အား ဖြန့်ဖြူးမှုကွန်ရက်စနစ်သို့ ချိတ်ဆက်၍ ရောင်းချနိုင်ကြောင်းလည်း အသိပေးထားသည်။

“ တစ်နိုင်တစ်ပိုင်သုံးတဲ့ လုပ်ငန်းတွေကနေ သူတို့လည်းသုံးတယ်၊ ပိုလည်းပိုတယ်ဆိုရင် ပိုတဲ့ဟာကို ရောင်းချခွင့်ပြုပါဆိုပြီး လျှပ်စစ်ဝန်ကြီးဌာနကို တိုက်ရိုက်လျှောက်လို့ရပါတယ်။ ဝန်ကြီးဌာနကနေ ပြန်လည်စိစစ်ပြီးတော့ ခွင့်ပြုပေးမှာပေါ့” ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) မှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူ လာနယူး(စ်)သို့ ပြောသည်။

လုပ်ငန်းများတွင် အသုံးပြုပြီး ပိုလျှံသည့် လျှပ်စစ်ဓာတ်အားများကို ရန်ကုန်ဓာတ်အားဖြန့်ဖြူးမှု ကွန်ရက်စနစ် (Yangon Distribution Grid System)သို့ ချိတ်ဆက်ရောင်းချလိုပါက (၁၀၀) ကီလိုဝပ်မှ (၁) မဂ္ဂါဝပ် အထိအား (၈၅) ကျပ်/kWh ၊ (၁) မဂ္ဂါဝပ် အထက်မှ (၁၀) မဂ္ဂါဝပ် အထိအား (၈ဝ) ကျပ်/kWh သတ်မှတ်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဓာတ်အားကွန်ရက်ချိတ်ဆက် အသေးစားဆိုလာစနစ်(Grid-connected Mini-Solar System)အတွက် နည်းပညာဆိုင်ရာသတ်မှတ်ချက်များ၊ လျှောက်ထားရမည့် လုပ်ငန်းစဉ်များ/ ပုံစံများ၏ အသေးစိတ်အချက်အလက်များကို ထပ်မံကြေငြာသွားမည်ဖြစ်ကြောင်း YESC က အသိပေး ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here