မန္တလေးမြို့တွင် နေ့အပူချိန်မြင့်မား၍ အမျိုးသားတစ်ဦးမူးလဲကာသေဆုံးသွားခဲ့

0
144

မန္တလေးတိုင်းအတွင်း၌ နေ့အပူချိန်များမြင့်မားလာသဖြင့် ဧပြီ ၂၁ ရက်(ယနေ့)မွန်းလွဲပိုင်းက မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၈၂ လမ်းထောင့်တွင် အမျိုးသား ၁ ဦးမူးလဲကာသေဆုံးသွားခဲ့ကြောင်း မဏိစလလူမှုကူညီရေးအသင်းမှ သိရသည်။

လမ်းလျှောက်လာသည့် အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားသည် အပူချိန်မြင့်မား၍ မူးလဲကျသွားပြီးနောက် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လမ်းလျှောက်လာနေတုန်း လဲကျသွားရာကနေအသက်ပါသွားတာလို့ သိရပါတယ် ဒီဖြစ်စဥ်က မန္တလေးမှာ ပထမဆုံးအပူချိန်မြင့်ပြီး သေဆုံးမှုပါ မနေ့က(ဧပြီ ၂၀ ရက်)ညနေ ၄ နာရီကျော်လောက်ကလည်း ချမ်းအေးသာစံမြို့နယ်မှာ အပူချိန်မြင့်ပြီး တစ်ယောက်မူးလဲသွားသေးတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သေဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းအား မဏိစလလူမှုကူညီရေးအသင်းမှ ၎င်း၏နေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

နေ့အပူချိန်မြင့်မားမှုကြောင့် ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းပေါ်တွင်လည်း ဧပြီ ၁၉ ရက်မွန်းတည့် ၁၂ နာရီခန့်က အသက်(၇၀)နှစ်ခန့်ရှိ အမျိုးသားကြီး ၁ ဦးလဲကျသေဆုံးသွားခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သည်။

Photo-မဏိစလ


LEAVE A REPLY

Please enter your comment!
Please enter your name here