နတ်မောက်နှင့်မင်းလှမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၄၆ လုံးပျက်စီး

0
146

မကွေးတိုင်း၊နတ်မောက်နှင့်မင်းလှမြို့နယ်တို့တွင် ဧပြီ ၂၀ ရက်ညပိုင်းက လေပြင်းတိုက်ခတ်မှုများကြောင့် ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၄၆ လုံးပျက်စီးကာ သစ်ပင်များလဲကျခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ယမန်နေ့ည ၈ နာရီခန့်က လေပြင်းများတိုက်ခတ်ခဲ့၍ မိုးနံကျေးရွာအုပ်စု၊သမှုန်းကုန်းကျေးရွာရှိ နေအိမ် ၂၇ လုံးနှင့်သပြေလှကျေးရွာရှိ နေအိမ် ၄ လုံးတို့မှာ အမိုးများလန်၍ ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ညနေပိုင်းကလည်း မင်းလှမြို့နယ်အ တွင်း၌ လေပြင်းများတိုက်ခတ်ခဲ့သဖြင့် နဂါးအိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းနှင့်နေအိမ် ၈ လုံး၊ကညှင်းကြီးကျေးရွာရှိ နေအိမ် ၆ လုံး၊မလွန်စမ်းကျေးရွာရှိ နေအိမ် ၁ လုံးတို့မှာ အမိုးများလန်၍ပျက်စီးခဲ့ကြောင်း သိရသည်။

“သစ်ပင်တွေလည်းလဲကျတယ် လေပြင်းတွေပဲတိုက်သွားတာ မိုးရွာတာတော့မရှိဘူး ဖြစ်စဥ်တွေမှာ လူတွေထိခိုက်ဒဏ်ရာရတာမရှိခဲ့ပါဘူး လိုအပ်တဲ့ကူညီတာတွေချက်ခြင်းလုပ်ပေးခဲ့ပါတယ်”ဟု နတ်မောက်မြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသည့် နေအိမ်များတွင် နေထိုင်သူများအား မြို့နယ်တာဝန်ရှိသူများက ကူညီပံ့ပိုးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here