လယ်ဝေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စေတီအချို့ပျက်စီးပြီး ၆ ဦးသေဆုံးကာ ၁၀၉ ဦးဒဏ်ရာရ ၊နေအိမ်များလည်းပျက်စီး

0
264

နေပြည်တော်၊လယ်ဝေးမြို့နယ်၊ရွှေဟင်္သာကျေး ရွာအုပ်စုရှိ တံတားဦးကျေးရွာ၊ကံသာကျေးရွာ အုပ်စုရှိ အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီ ၂၁ ရက်ည ၆ နာရီ ၄၅ မိနစ်ခန့်က လေပြင်းများတိုက် ခတ်ခဲ့သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။

တံတားဦးကျေးရွာနှင့်အောင်မြင်ကုန်းကျေးရွာတို့တွင် လေပြင်းများတိုက်ခတ်၍ ပျက်စီးမှုများနှင့်လူသေဆုံးဒဏ်ရာရရှိမှုများရှိနေကြောင်း သတင်းအရ လယ်ဝေးမြို့နယ်မီးသတ်စခန်း၊ပလွေး(အမြန်လမ်း)မီးသတ်စခန်း၊ဒက္ခိဏသီရိမြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအ သင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

လေပြင်းတိုက်ခတ်မှုကြောင့် တံတားဦးကျေးရွာတွင် နေအိမ် ၇၇ လုံးခန့်၊အောင်မြင်ကုန်းကျေးရွာတွင် နေအိမ် ၁၅၅ လုံးခန့်ပျက်စီးဆုံးရူံးခဲ့ကာ ဘု ရားစေတီအချို့လည်း ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် တံတားဦးကျေးရွာတွင် အမျိုးသမီး ၂ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၈ ဦး၊ အောင်မြင်ကုန်းကျေးရွာတွင် အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦးတို့သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၁ ဦးရှိခဲ့ကြောင်း သိရသည်။

“နှစ်ရွာပေါင်း သေဆုံးသူ ၆ ယောက်ရှိတယ် ထိ ခိုက်ဒဏ်ရာရသူက ၁၀၉ ယောက် အဲဒီထဲက ၁၆ ယောက်က စိုးရိမ်ရဒဏ်ရာတွေရထားတယ် ဖြစ်စဥ်စဖြစ်ထဲက ကူညီပေးနေတာပါ ဒီနေ့မနက်လည်း သေဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေ ရှိ/မရှိထပ်ပြီး ရှာဖွေနေဆဲပါ တံတားဦးကျေးရွာက ရွာတစ် ဝက်လောက်ပျက်စီးသွားတယ် အောင်မြင်ကုန်းကျေးရွာကတော့တစ်ရွာလုံးပျက်စီးသွားတယ်”ဟု လူမှုကူညီရေးအသင်း ဝင်တစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရသူများအား လယ်ဝေးမြို့နယ်ကုတင်(၁၀၀)ဆေးရုံနှင့်ဇမ္ဗူသီရိမြို့နယ်ကုတင် (၁၀၀၀)ဆေးရုံတို့သို့ လူမှုကူညီရေးအသင်းကားများဖြင့် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here