မန္တလေးတိုင်းအတွင်းက မြို့နယ်အများစုတွင် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် နေအိမ်အပါအဝင် အခြားပျက်စီးမှု အများအပြားဖြစ်ပေါ်ခဲ့

0
239

မန္တလေးတိုင်းအတွင်း ယမန်နေ့ ဧပြီ (၂၁) ရက်ည (၈) နာရီကျော်ခန့်က လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုကြောင့် နေအိမ်ပျက်စီးမှုများနှင့် အခြားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။

လေပြင်းတိုက်ခတ်ကာ မိုးရွာသွန်းမှုကြောင့် နေအိမ်အချို့မှာ နေအိမ်အမိုးများလန်ခြင်း၊ အကာများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဓာတ်တိုင်များလဲကျခြင်း၊ ဓာတ်ကြိုးများပြတ်ကျခြင်း၊ ဆက်သွယ်ရေးလိုင်းကြိုးများပြတ်ကျခြင်း၊ သစ်ပင်လဲကျခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

“လေပြင်း တိုက်တဲ့အပြင် မိုးတွေပါရွာတော့ ပိုဆိုးသွားတာပေါ့။ လူမှုကူညီရေးအသင်းက ကားတစ်စီးလည်း သစ်ပင်လဲကျပြီး ပျက်စီးသွားတယ်။ လက်ရှိအချိန်အထိကတော့ ပျက်စီးသွားတဲ့ အိမ်တွေကို ကူညီပြီး ပြင်ဆင်ပေးနေတယ်”ဟု မန္တလေးမြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ခြင်းအား လုံခြုံရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများပြုလုပ်၍ တာဝန်ရှိသူများမှလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေအိမ်များတွင် နေထိုင်သူများအား ထောက်ပံ့ကူညီမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

“ဖြစ်စဥ်ပေါ်မူတည်ပြီး အဖွဲ့တွေ ခွဲလိုက်တယ်။ လဲကျတဲ့သစ်ပင်တွေကို ရှင်းရတယ်။ ပျက်စီးသွားတဲ့ အိမ်တွေက ပစ္စည်းတွေကို မိုးရေမစိုအောင် လုံခြုံတဲ့နေရာ သယ်ပို့ပေးရတယ်။ အခုချိန်ထိလည်း လိုအပ်တာတွေ ဆက်လုပ်ပေးနေပါတယ်”ဟု ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here