ကိုဗစ်(၁၉)မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင် ဗီဇပြောင်းအိုမီခရွန်မျိုး ကွဲ XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမိုမြန်ဆန်

0
364

ကိုဗစ်(၁၉)ရောဂါ၏ မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 ဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ဧပြီ ၂၁ ရက်နေ့လည် ၃ နာရီကပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှုကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်မည့် အစီအစဉ်များနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဧပြီလအတွင်း ကိုဗစ်(၁၉)ရောဂါ ပြည်တွင်းကူးစက်မှု အနည်းငယ်မြင့်တက်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအချို့နှင့်အိမ်နီးချင်းနိုင်ငံများအပါအဝင် ဒေသတွင်းနိုင်ငံများ၌ ကူးစက်ဖြစ်ပွားလျက်ရှိသော မျိုးရိုးဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1.16 သည် ယခင် ကူးစက်ဖြစ်ပွားခဲ့သည့် ဗီဇပြောင်းပိုး အိုမီခရွန်မျိုးကွဲ XBB.1 နှင့် XBB.1.5 ကူးစက်မှုထက် ၁ ဒသမ ၂၇ ဆအထိ ပိုမို မြန်ဆန်သည်ဟု ပြောသည်။

ကူးစက်မှုပိုမိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာ ပိုမိုပြင်းထန်မှုမရှိသဖြင့် ဆေးရုံတက်ရောက် ကုသခံရမှုနှင့်သေဆုံးမှုမြင့်မားခြင်းမရှိဘဲ သက်ကြီးရွယ်အိုများနှင့်ရောဂါအခံရှိသူများတွင် ကူးစက်မှုနှုန်းပိုမိုမြင့်မားနိုင်သည်ဟု ပြောသည်။

“ရောဂါကုသရာမှာ လက်ရှိမြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ကိုဗစ်(၁၉)ရောဂါကုသတဲ့ ဗိုင်းရပ်စ်ပိုး သတ်ဆေးဝါးတွေနဲ့ကုသပေးနိုင်ပါတယ် ရောဂါကာကွယ်ရေးအတွက် လက်ရှိအသုံးပြုနေတဲ့ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေးတွေက ထိရောက်မှုရှိပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံတာကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ကြောင့် ကိုဗစ်(၁၉)ရောဂါ ဖြစ်ပွားသူများအား စောစီးစွာသိရှိပြီး ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ကာကွယ်ဆေးထိုးနှံခြင်း၊ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း၊ဓာတ်ခွဲစစ်ဆေးခြင်းနှင့်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“ဆေးသုတေသနဦးစီးဌာနအနေနဲ့လည်း အသစ်ထွက်ပေါ်လာတဲ့ အိုမီခရွန်ဗီဇပြောင်းပိုးတွေနဲ့ပတ်သက်ပြီး မျိုးရိုးဗီဇစစ်ဆေးတာကိုတိုးမြှင့် ဆောင်ရွက်သွားရပါမယ်”ဟု ဒေါက်တာသက်ခိုင်ဝင်းကမှာကြားခဲ့သည်။

ရောဂါကူးစက်ဖြစ်ပွားမှု များပြားလာပါက အသွားအလာကန့်သတ်ထားရှိရန်(Quarantine Centre)များနှင့်ကုသမှုပေးနိုင်ရန်၊ ဗိုင်းရပ်စ်ရောဂါကုသသည့်ဆေးဝါးများ အပါအဝင် အခြား လိုအပ်သောဆေးဝါးများ၊ရောဂါကာကွယ်ရေးပစ္စည်းများနှင့်ကုသရေးစင်တာများကို ကြိုတင်ပြင်ဆင်ထားရမည်ဟုလည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here