G–7 စိုက်ပျိုးရေးဝန်ကြီးများက ယူကရိန်းစစ်ကာလအတွင်း စားနပ်ရိက္ခာဖူလုံရေး တိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး

0
564

မီရဇကိ၊ဧပြီ ၂၂

ယူကရိန်း-ရုရှားအရေးကြောင့် ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးကိုခြိမ်းခြောက်နေသဖြင့် တည်ငြိမ်သည့်စားနပ်ရိက္ခာထောက်ပံ့ရေးနည်းလမ်းများရှာဖွေရန် G – 7 စိုက်ပျိုးရေးဝန်ကြီးများတွေ့ဆုံစဉ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးအတွင်း ဂျပန်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အသေးစား စားနပ်ရိက္ခာထုတ်လုပ်သူများအား ပံ့ပိုးကူညီရန်ရည်ရွယ်သည့် ကုလသမဂ္ဂနှင့်ပူးတွဲလုပ်ဆောင်မည့်ပရောဂျက်အား အခြားအဖွဲ့ဝင်များအနေဖြင့်လည်းပါဝင်ရန် တောင်းဆိုထားသည်။

ဂျုံအဓိကတင်ပို့သော နှစ်နိုင်ငံအကြား ပဋိပက္ခနှင့် ကိုရိုနာကပ်ရောဂါတို့ကြောင့် အစားအသောက်ဈေးကွက်များအတွင်း အနှောင့်အယှက်ဖြစ်လာကာ ဈေးနှုန်းများတက်လာသဖြင့် ဆင်းရဲသောနိုင်ငံများကိုပြင်းထန်စွာထိခိုက်စေသောအကြောင်းများလည်းထည့်သွင်းဆွေးနွေးခဲ့သည်။

G – 7 စည်းဝေးပွဲမတိုင်မီက ဂျပန်သည် ကမ္ဘာတစ်ဝန်းငတ်မွတ်ခေါင်းပါးမှုပပျောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန်နှင့် ရေရှည်တည်တံ့သောစိုက်ပျိုးရေးလုပ်ငန်း၌ အသေးစား စားနပ်ရိက္ခာထုတ်လုပ်သူများပါဝင်နိုင်မည့် ပဏာမခြေလှမ်းတစ်ရပ်ကိုလည်း အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ရန်ပုံငွေအဖွဲ့နှင့်သဘောတူညီခဲ့သေးသည်။

အဆိုပါအစီအစဉ်အတွက် ဂျပန်လယ်ယာဝန်ကြီးဌာနမှ ယန်း သန်းပေါင်း ၂၃၀ (ဒေါ်လာ ၁ ဒသမ ၇ သန်း) ထည့်ဝင်မည်ဖြစ်ကြောင်းသိရသည်။

နောက်ဆုံး၌နှစ်ရက်ကြာတွေ့ဆုံမှုအပြီးတွင် G – 7 စိုက်ပျိုးရေးဝန်ကြီးများသည် စဉ်ဆက်မပြတ်စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ပူးတွဲကြေငြာချက်နှင့်လုပ်ဆောင်ချက်အစီအစဉ်တစ်ရပ်ကိုချမှတ်ရန်လည်းစီစဉ်ခဲ့ကြသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here