မန္တလေးမြို့တွင် ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ ဆရာတော်၊သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်း၊ဆွမ်းဟင်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းမည်

0
353

မန္တလေးတိုင်းအစိုးရအဖွဲ့မှကြီးမှူး၍ ကဆုန်လပြည့်(ဗုဒ္ဓနေ့)၌ မန္တလေးမြို့ လေးပြင်လေးရပ်မှ ဆရာတော်၊သံဃာတော် ၁၀၂၆၈ ပါးအား မေ ၃ ရက်နံနက်ပိုင်းတွင် ဆွမ်း၊ဆွမ်းဟင်းနှင့်လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်သည်။

အဆိုပါ ဆက်ကပ်လှူဒါန်းပွဲအား အောင်မြင်စွာကျင်းပနိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဧပြီ ၂၁ ရက်မွန်းလွဲပိုင်းကပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

သာသနာရေးဆိုင်ရာ အခမ်းအနားဖြစ်၍ ခမ်းနားထည်ဝါစွာဖြင့်ကြည်ညိုဖွယ်ဖြစ်စေရန် လေးပြင် လေးရပ်၌ အခမ်းအနားပြင်ဆင်မှုများအား အချိန်မီပြီးစီးရန် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့သည်။

“အလှူခံသံဃာတော်တွေ အလှူရှင်တွေ အဆင်ပြေ စိတ်ချမ်းမြေ့စေဖို့ကို အလေးအနက်ထားပြီး ဆောင်ရွက်သွားရပါမယ် အစဉ်အလာမပျက်ကျင်းပတဲ့ ကဆုန်ညောင်ရည်သွန်းလောင်းပွဲတွေကိုလည်းကျင်းပသွားဖို့ ကြိုတင်ပြင်ဆင်ထားရပါမယ်”ဟု မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်ကမှာကြားခဲ့သည်။

ဆရာတော်၊သံဃာတော် ၁၀၂၆၈ ပါးအား ဆွမ်း၊ဆွမ်းနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းရာတွင် ကျုံးအရှေ့ဘက်(အရှေ့ပြင်) ၆၆ လမ်း၊ကျုံးတောင်ဘက်(တောင်ပြင်) ၂၆ လမ်း၊ကျုံးအနောက်ဘက်(နောက်ပြင်) လမ်း ၈၀ နှင့်ကျုံးမြောက်ဘက်(မြောက်ပြင်) ၁၂ လမ်းတစ်လျှောက်တို့တွင် သံဃာတော် ၂၅၆၇ ပါးစီအား ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here