စစ်ဆေးရေးဂိတ်အား ရှောင်ကွင်းပြီး ဒိုင်နာဖြင့်သယ်လာသည့် ငွေကျပ် (၁၀) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၇) သန်းနီးပါးဖမ်းမိ

0
169

မန္တလေးတိုင်း၊ သာစည်မြို့နယ်ရှိ ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ ဒိုင်နာကားဖြင့် သယ်လာသည့် ငွေကျပ် (၁၀) ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဧပြီ (၁၉) ရက်နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ကျွဲတပ်ဆုံစစ်ဆေးရေးစခန်းအား ရှောင်ကွင်း၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာမည့် သတင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့က သာစည်မြို့နယ်၊ ယင်းမာပင်ကျေးမှတောင်ဂွကျေးရွာသွားလမ်းတွင် ယာဉ်မောင်း ဝေဠုသုတ မောင်းနှင်ကာ သူရအောင် လိုက်ပါလာသည့် NISSAN CABSTAR ကားအား တားဆီးစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးစဉ် ကားပေါ်ရှိ ပုလင်းခွံအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ငွေကျပ် (၁၀) ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၆ ဒသမ ၁၈ သန်း၊ ကက်တမင်း (၁၀) ကီလိုနှင့် စိတ်ပြောင်းဆေးဝါး(Happy water) ၄ ဒသမ ၁၂ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးချက်အရ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်တောင်ပိုင်းမှတဆင့် မန္တလေးတိုင်းသို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ (၂) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here