စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကျပ် ၁၀၀ ကျော်ကျဆင်းလာ​သော်လည်းဈေးကွက်တွင်မြင့်တက်နေဆဲ

0
270

ယခုတစ်ပါတ်အတွက် စားအုန်းဆီအခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ကျပ် ၁၀၀ ကျော်ကျဆင်းလာသော်လည်း ပြင်ပဈေးကွက်တွင် မြင်တက်နေဆဲဖြစ်သည်။

ဧပြီလ ၂၄ ရက်မှ မေလ ၁ ရက်အထိ ရန်ကုန်အထိုင်ဈေး စားအုန်းဆီလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၈၀ ကျပ်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်တစ်ပါတ်တွင် စားအုန်းဆီတစ်ပိဿာ ၄၇၉၀ ကျပ်ဖြစ်ပြီး ယခင်ထက် ၁၁၀ ကျပ် ကျဆင်းလာခြင်းဖြစ်သည်။

ပြင်ပဈေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ၇၅၀၀ မှ ၈၀၀၀ အထိမြင့်တက်နေကြောင်း ဝယ်ယူသုံးစွဲသူများထံမှ သိရသည်။

လက်ရှိတွင် လက်ကျန် စားသုံးဆီ တန်ချိန် သုံးသောင်းဝန်းကျင်ရှိပြီး သင်္ကြန်ကာလအပြီးတွင်လည်း စားသုံးဆီ သင်္ဘောနှစ်စင်းနှင့် ဆီတန်ချိန် တစ်သောင်း တစ်ထောင်ကျော် ထပ်မံရောက်ရှိလာမည်ဖြစ်ကာ ဧပြီလအတွက် ဆီတန်ချိန် ခုနစ်သောင်း ခြောက်ထောင်ဝန်းကျင်ရှိမည် ဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။

“အခုကာလမှာ တင်သွင်းခွင့်ရထားတဲ့သွင်းကုန် ကုမ္ပဏီ importer companies ကြီးတွေပဲ အစိုးရကပေးထားတဲ့သက်သာခွင့်ကိုအသုံးပြုပြီး အကျိုးအမြတ်အများဆုံးရနေတာ၊ တကယ်သုံးစွဲသူတွေက ပြင်ပပေါက်စျေးနဲ့ဝယ်သုံးနေရတာ”ဟုစားအုန်းဆီ ရောင်းဝယ်နေသည့် လုပ်ငန်းရှင်တစ်ဦးမှပြောကြားထားသည်။

ယင်းအပြင် ရောင်းချသူများအနေဖြင့် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု အသိပေးထားသော်လည်း ဈေးကွက်ထဲတွင် ဆက်လက်ဈေးမြင့်တက်နေခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here