ဆူဒန်၌တိုက်ပွဲပြင်းထန်နေသဖြင့် နိုင်ငံခြားသားများ အစုအပြုံလိုက်ထွက်ခွာ

0
165

ခါတွမ်၊ဧပြီ ၂၄

ဆယ်ရက်ကြာသည်အထိ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည့် ဆူဒန်နိုင်ငံ၌ ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သည့်အတွက် ဆူဒန်ရောက်နိုင်ငံခြားသားများအား ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအသီးသီးမှ ပြန်ခေါ်နေကြသည်ဟုသိရသည်။

မြို့တော်ခါတွမ်နှင့်နိုင်ငံတစ်ဝန်း၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် ဆူဒန်နိုင်ငံ၌ ရေ၊အစားအစာ၊ဆေးဝါးနှင့်လောင်စာဆီအပြင် လျှပ်စစ်ဓာတ်အားနှင့်အင်တာနက်ပြတ်တောက်မှုများလည်း အပြင်းအထန်ကြုံတွေ့နေရသည်ဟု ကုလသမဂ္ဂကပြောကြားခဲ့သည်။

ယခုချိန်အထိ တိုက်ပွဲကြောင့် ၄၂၇ ဦးသေဆုံးပြီး ၃,၇၀၀ ကျော်ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂအေဂျင်စီကပြောကြားခဲ့သည်။ရင်ခွဲရုံများလည်းပြည့်နေပြီး ရုပ်အလောင်းအများစုမှာလည်း လမ်းမပေါ်၌ပြန့်ကျဲနေကာ အချို့အချိန်များ၌ လုံခြုံရေးအရဆေးရုံများပါပိတ်ထားရသည်ဟု ဆရာဝန်များသမဂ္ဂအကြီးအကဲ ဒေါက်တာအာတီရာအဗ်ဒူလာကပြောကြားခဲ့သည်။

အမေရိကနှင့်ဥရောပအပါအဝင် အရှေ့အလယ်ပိုင်း၊အာဖရိကနှင့်အာရှနိုင်ငံအများအပြားသည် ၎င်းတို့၏သံရုံးဝန်ထမ်းများနှင့် ဆူဒန်ရောက်၎င်းတို့၏နိုင်ငံသားများကို ကုန်း ကြောင်း၊လေကြောင်းနှင့် ရေကြောင်းများဖြင့် ဘေးကင်းရာပို့ဆောင်နိုင်ရန် အရေးပေါ်မစ်ရှင်များစတင်ဆောင်ရွက်နေပြီဖြစ်သည်။

နိုင်ငံခြားသားများနိုင်ငံတွင်းမှထွက်သွားသဖြင့် ဆူဒန်၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများလည်း ရရှိရန်အလွန်ခက်ခဲသွားပြီး ယခုကာလအတွင်း အကူအညီပေးသည့် လုပ်သားငါးဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေဖြင့်လည်း လုပ်ငန်းများရပ်ဆိုင်းထားရကြောင်းသိရသည်။ ဆေးရုံဆေးခန်းများသည်လည်း ၁၁ ကြိမ်တိတိအတိုက်ခိုက်ခံရသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည်လည်း ပြိုလဲလုနီးပါးဖြစ်နေပြီဟုသိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့်လည်း လိုအပ်သောဆေးဝါးအကူအညီများကြိုတင်ပြင်ဆင်ထားရှိပြီး အရေးပေါ်အခြေအနေများအတွက် သွေးအိတ်များနှင့်အရေးပေါ်ကျန်းမာရေးကိရိယာများကိုလည်း ပြင်ဆင်ထားသည်ဟုသိရသည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here