အလုပ်ထုတ်ခံရသည့် MoU လုပ်သားများ အလုပ်ပြန်လည်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးနေဟု သံအရာရှိရုံးမှ အသိပေး

0
246

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်ရှိ Cal-Comp Electronics စက်ရုံမှ အလုပ်ထုတ်ပယ်ခံရသည့် MoU လုပ်သားများ အလုပ်အကိုင်သစ် အမြန်ရရှိရေးအတွက် ညှိနှိုင်းဆွေးနွေးနေကြောင်း မြန်မာအလုပ်သမား သံအရာရှိရုံးက အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင် အလုပ်ထုတ်ပယ်ခြင်း ခံထားရသည့် မြန်မာလုပ်သားများအား Cal-Comp စက်ရုံ၌ အလုပ်ပြန်လည် လုပ်ကိုင်နိုင်ရန် သို့မဟုတ် အခြားအလုပ်အကိုင်သစ်ရရှိရေးအတွက် မြန်မာအလုပ်သမားသံအရာရှိရုံး၊ စမွတ်စခွန်နယ်မြေ၊ အလုပ်အကိုင်ဌာန ရုံးတာဝန်ခံအရာရှိများ၊ သက်ဆိုင်ရာ ထိုင်းအေဂျင်စီများ၊ စက်ရုံမှ တာဝန်ရှိသူများတွေ့ဆုံကာ အသေးစိတ် ညှိနှိုင်းဆွေးနွေနေကြောင်း သိရသည်။

ယင်းသို့ ‌တွေ့ဆုံဆွေးနွေးပြီးနောက် ယခုရက်သတ္တပတ်အတွင်း ကွင်းဆင်းညှိနှိုင်း ဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း မြန်မာအလုပ်သမား သံအရာရှိရုံးမှ သိရသည်။

အဆိုပါ Cal-Comp Electronics စက်ရုံရှိ အလုပ်သမားများသည် မူလက အဆိုင်း (၃)ဆိုင်းဖြင့် လုပ်ကိုင်နေရာမှ (၂) ဆိုင်းဖြင့် လုပ်ကိုင်လိုခြင်းကြောင့် ပြီးခဲ့သည့် မတ်လတွင် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ဆန္ဒပြခဲ့ကြသည့်အတွက် စက်ရုံမှ အလုပ်သမား (၁၀၅၇) ဦး ထုတ်ပယ်ခဲ့ပြီး ဥပဒေနှင့်အညီ လျော်ကြေးပေးအပ်ခဲ့ရာ အနည်းဆုံး ဘတ် ၁၉၄၁၅ ဘတ်မှ အမြင့်ဆုံး ၉၆၃၆၉ ဘတ် အထိရရှိခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ထုတ်ခံရသူများထဲမှ နေရပ်ပြန်လိုသည့် အလုပ်သမားများကို မဲဆောက်နယ်စပ်အထိ ပို့ဆောင်၍ မြန်မာနိုင်ငံရှိ နေရပ်ဒေသခရီးအကွာအဝေးအလိုက် ခရီးစရိတ်များ ထောက်ပံ့ပေးရန် သဘောတူညီမှု ရရှိထားခြင်း ဖြစ်သည်။

အဆိုပါ သဘောတူညီမှုများအပေါ် အခြေခံကာ ထိုင်း/မြန်မာအေဂျင်စီများက စက်ရုံ၌ ပြန်လည်လုပ်ကိုင်လိုသူ၊ နေရပ်ပြန်လိုသူ၊ အလုပ်ပြောင်းရွှေ့စာရရှိလိုသူ (အလုပ်သစ်ရရှိလိုသူ၊ အခြားဆန္ဒရှိသူများ) စာရင်းကောက်ခံပြီး စာရင်းခွဲခြား၍ လိုအပ်သည်များ ဆက်လက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here