ကိုရီးယားတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သား တစ်ဦး အလုပ်လုပ်နေရင်း ရုတ်တရက် နှလုံးရပ် သေဆုံး

0
166

တောင်ကိုရီးယားနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာလုပ်သားတစ်ဦး အလုပ်လုပ်နေရင်း ရုတ်တရက် နှလုံးရပ် သေဆုံးမှု ယနေ့ ဧပြီ (၂၆) ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံလုပ်သားများအား ကူညီပေးနေသူများထံမှ သိရသည်။

သေဆုံးသူမှာ မြင်းခြံမြို့နေ ကိုမျိုးနိုင်အေး (၃၉) နှစ်ဖြစ်ပြီး ယနေ့ ဧပြီ (၂၆) ရက် နံနက် (၇) နာရီ အချိန်ခန့်တွင် ကိုရီးယားနိုင်ငံ ချွန်နမ်ပြည်နယ်၊ ချောင်နန်မြို့ ၊ ဒန်ဂုတက္ကသိုလ် ဆေးရုံကြီးတွင် နှလုံးရပ်ကာ ရုတ်တရက် ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံလုပ်သားများအား ကူညီပေးနေသူ ကိုဇော်မိုးအောင်ထံမှ သိရသည်။

သေဆုံးသူ ကိုမျိုးနိုင်အေးသည် ယနေ့ နံနက် (၆) နာရီအချိန်ခန့်က ကိုရီးယားနိုင်ငံ ချောင်နန်မြို့ရှိ စက်ရုံတွင် ပစ္စည်းများ ကွန်တိန်နာပေါ်မှ ချနေစဥ် ရုတ်တရက် နှလုံးအောင့်ပြီး မောလာကာ မူးလဲသွားသည့်အတွက် လူမှုကယ်ဆယ်ရေးအသင်းထံ ဖုန်းဆက်အကြောင်းကြားပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပြီး နှလုံး ပြန်လည်လာအောင် ကြိုးစား လုပ်ဆောင်ခဲ့သော်လည်း နှလုံးပြန်လည် လည်ပတ်ခြင်း မရှိတော့ပဲ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း ကိုဇော်မိုးအောင်က အသိပေးထားသည်။

ကိုမျိုးနိုင်အေးသည် ကိုရီးယားသို့ ဒုတိယအကြိမ် ရောက်ရှိ အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီး၊ (၅) နှစ်အရွယ်နှင့် (၈) လသား အရွယ်သား (၂) ယောက် ကျန်ရစ်ခဲ့ကာ တစ်နှစ်ကျော် အလုပ်လုပ်ကိုင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်ရမည့်သူဖြစ်သည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here