အမြင့်ဈေးဖြင့် ဝယ်ထားသူများက ဈေးချမရောင်းခြင်းကြောင့် ရွှေဈေးမြင့်တက်နေခြင်းဖြစ်ကြောင်း ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌပြော

0
222

ပြည်တွင်း ရွှေဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေခြင်းမှာ အမြင့်ဈေးဖြင့် ဝယ်ထားသူများက ဈေးချမရောင်းခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောသည်။

သင်္ကြန်ကာလအပြီး ရွှေဈေးနှုန်းအကျဘက်သို့ ရောက်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေသော်လည်း လက်ရှိအချိန်ထိ ဈေးကွက်အတွင်း၌ ၂၉ သိန်းခွဲ အထက်တွင် အရောင်းအဝယ်ဖြစ်နေဆဲဖြစ်သည်။

ယင်းကဲ့သို့ ရွှေဈေး မြင့်တက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်ရွှေအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်ထံ ပေါ်ပြူလာနယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဈေးအမြင့်နဲ့ ဝယ်ထားတဲ့ သူတွေက ဈေးကိုချမရောင်းကြဘူး။ အဲဒါကြောင့် ရွှေဈေးက တတ်နေတာ။ သင်္ကြန်အပြီးမှာလည်း ရွှေဈေးကွက်က အရောင်းအဝယ်အေးနေတာ။ ဒီတိုင်းပဲ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်မတိုင်မီ ရက်သတ္တပတ်များအတွင်းက ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်တင်မြင့်တက်မှုများကြောင့် ပြည်တွင်း အခေါက်ရွှေ ဈေးနှုန်းပါ ဈေးကွက်အတွင်း လိုက်ပါ မြင့်တက်ခဲ့ပြီး လက်ရှိ ကမ္ဘာ့ရွှေ ဈေးပြန်ကျချိန်တွင် ပြည်တွင်းရွှေဈေးနှုန်းမှာ ကျဆင်းလာခြင်း မရှိဘဲ အမြင့်ပိုင်းတွင် ဆက်ရှိနေခြင်း ဖြစ်သည်။

ယနေ့ ဧပြီလ (၂၆) ရက် ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းများမှာ ကမ္ဘာ့ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၉၉၅ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး ပြည်တွင်း အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ၂၉၉၀၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဧပြီလ (၂၅) ရက် ရန်ကုန်ရွှေအသင်း၏ အခြေခံ ရည်ညွှန်းဈေးနှုန်းမှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သားကို ၂၃၅၁၅၀၀ ကျပ် ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here