ကန်ပိုက်တီ နယ်စပ်ဂိတ် ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်ရေးနှင့် နယ်စပ်ဂိတ် အဆင့်မြှင့်တင်ရေး တရုတ် – မြန်မာ တာဝန်ရှိသူများ ဆွေးနွေး

0
216

တရုတ် – မြန်မာနယ်စပ် ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီနယ်စပ်ဂိတ်မှ တဆင့် ကုန်စည်စီးဆင်းမှုများ လွယ်ကူမြန်ဆန်ရေးနှင့် နယ်စပ်ဂိတ်အဆင့်မြှင့်တင်ရေးတို့အတွက် နှစ်နိုင်ငံတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် ကုန်စည်စီးဆင်းမှုများ ပိုမိုလွယ်ကူထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးတို့အတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ပေါင်စန်းပြည်နယ်ခွဲ ပါတီကော်မတီ အတွင်းရေးမှူး Mr.Yang Jun တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ကံပိုက်တီ နယ်စပ်ဂိတ်မှ ကုန်စည်စီးဆင်းမှုများ လွယ်ကူမြန်ဆန်စေရေး၊ ထိန်းချုံး – ကံပိုက်တီ – ဆဒုံး – ဝိုင်းမော်လမ်းပိုင်းကို အမြန်လမ်းအဖြစ်ဆောင်ရွက်နိုင်ရေးအတွက်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံသို့ တင်ပို့နေသည့် စာရင်းတွင် မပါဝင်သေးသည့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများအား သွင်းကုန်စာရင်းသွင်းနိုင်ရေး ပေါင်စန်းပြည်နယ်ခွဲမှ ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးဇုန်များ ဖြစ်မြောက်ရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊အသက်မွေးဝမ်းကြောင်း သင်ကြားရေး ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာ – တရုတ် လယ်ယာစိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်မှုအဖြစ် စိုက်ပျိုးရေးဇုန်ဆောင်ရွက်ရေး၊ တနိုင်း – ပန်ဆောင် – လီဒိုလမ်း ဆက်လက်ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here