လန်ဒန်မာရသွန်ပြိုင်ပွဲဝင် အမျိုးသားတစ်ဦးသေဆုံး

0
150

လန်ဒန်၊ဧပြီ ၂၆

တနင်္ဂနွေနေ့၌ကျင်းပခဲ့သည့် လန်ဒန်မာရသွန်ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲခဲ့သည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးသည် ပြိုင်ပွဲအပြီး နေအိမ်သို့ပြန်စဥ် သေဆုံးသွားခဲ့သည်ဟု ပွဲစီစဉ်သူများကထုတ်ပြန်ခဲ့သည်။

မစ္စတာစတိဗ်ရှန့်ခ်သည် ပန်းတိုင်သို့ ၂ နာရီ၊ ၅၃ မိနစ်၊၂၆ စက္ကန့်အတွင်း ပြေးနိုင်ခဲ့သည့် အတွေ့အကြုံရင့် အပြေးသမားတစ်ဦးဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့ပြီး ၎င်းသေဆုံးရခြင်းအကြောင်းရင်းကိုမူ နောက်ပိုင်းတွင် ဆေးစစ်ချက်ဖြင့်ကြေငြာမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“လန်ဒန်မာရသွန်ပွဲကလူတိုင်း စတိဗ်ရှန့်ခ်ရုတ်တရတ်သေဆုံးသွားလို့ အရမ်းစိတ်မကောင်းဖြစ်နေကြပါတယ်” ဟုလည်းပွဲစီစဉ်သူကပြောကြားခဲ့သည်။

ယခုပွဲစဉ်၌ ကင်ညာနိုင်ငံမှ ကယ်လ်ဗင်ကစ်ပတန်သည် အမျိုးသားအပြေးပြိုင်ပွဲအတွက် ၂ နာရီ၊၁ မိနစ်၊၂၅ စက္ကန့်ဖြင့် စံချိန်ချိုးနိုင်ခဲ့ပြီး ဒတ်ချ် တာလတ် အပြေးမယ် စီဖန်ဟာဆန်သည် သူ၏မာရသွန်ပွဲဦးထွက်၌ပင် အမျိုးသမီးပွဲစဉ်အတွက် အံ့ဩစရာကောင်းလောက်အောင် အနိုင်ရခဲ့သည်။

ယခုမာရသွန်ပွဲ၌ လူအများအပြားပါဝင်ယှဥ်ပြိုင်ကြပြီး လူပေါင်း ၄၈,၀၀၀ ကျော်သည် ပန်းတိုင် ထိရောက်အောင်ပြေးခဲ့ကြကြောင်းလည်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here